<

ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးကို တုတ်ဖြင့်ရိုက်နှက်သည့် ရဲအရာရှိ တစ်ဦးအား အရေးယူရန် စုံခုံဖွဲ့စစ်ဆေး

ရွှေတိုင်သား Facebook စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရစဉ်

ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးကို တုတ်ဖြင့် ရိုက်နှက်ခဲ့သည့် ရဲအရာရှိတစ်ဦးအား အရေးယူရန် စုံခုံဖွဲ့ စစ်ဆေးလျက်ရှိကြောင်း သြဂုတ် ၁၄ ရက်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

“ဖြစ်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ စုံခုံဖွဲ့ စစ်ဆေးနေပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ကြည့်မြင်တိုင်မြို့နယ် တော်ဝင်လမ်း၌ သြဂုတ် ၆ ရက်ညပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဗီဒီယိုဖိုင်နှင့်အတူ သြဂုတ် ၁၃ ရက် ညပိုင်းက ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်အား ရွှေတိုင်သား အမည်ရှိ Facebook စာမျက်နှာက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုဖိုင်ထဲတွင် ကနဦးမှာ အမျိုးသား သုံးဦးဖြစ်ပြီး ၎င်းတို့ကို တုတ်ကိုင်ထားသည့် အမျိုးသားက ဆဲဆိုပြီး လမ်းမပေါ်တွင် ထိုင်ခိုင်းရာ နှစ်ဦးမှာ ထွက်ပြေးသွားပြီး တစ်ဦးတည်းသာ ကျန်ခဲ့သည့် အချိန်တွင် တုတ်ကိုင်ထားသည့် အမျိုးသားက ရိုက်နှက်ခဲ့သည်ကို တွေ့ရသည်။

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက “ကျွန်တော်ရောက်တော့ အရိုက်ခံရတဲ့သူက ဆေးရုံကို ရောက်နေပြီဆိုတော့ အဲဒီကို လိုက်ကြည့်တယ်။ ဆေးရုံရောက်တဲ့ အချိန်မှာ အရိုက်ခံရတဲ့ ကောင်လေးက ဆေးရုံက ဆရာဝန်တွေကိုလည်း ဆဲဆိုတယ်။ ကျွန်တော်တို့ကိုလည်း ဆဲဆိုတယ်။ အရိုက်ခံရတဲ့ ကောင်လေးက မူးမူးနဲ့ ဆေးရုံက သူနာပြုမလေးကို သူ့မိန်းမနဲ့ တူတယ်ဆိုပြီး လိုက်ဖက်တယ်။ အဲဒီလိုဖြစ်တော့ သူ့ရဲ့ဒဏ်ရာက ဘယ်လောက်ပြင်းလဲ ဆေးရုံက တာဝန်ရှိသူတွေကို မေးတော့ ဒဏ်ရာကကွဲ တာပဲရှိတယ်ဆိုတော့ စခန်းမှာ ခေါ်ထားဖို့ စခန်းကို ပြန်ပို့ခဲ့တယ်” ဟု ပြောကြားသည်။

တုတ်ကိုင်ရိုက်နှက်နေသည့် အမျိုးသားမှာ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ရဲအုပ် ဖြိုးဝေမင်း ဖြစ်ကြောင်း၊ ဗီဒီယိုဖိုင်နှင့်အတူ တင်ထားသည့်စာ အချို့မှာ မှားယွင်းနေကြောင်း ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “ဗီဒီယိုဖိုင်ထဲပါတဲ့နေရာအနီးမှာ အုပ်စုနှစ်စု ရန်ဖြစ်နေကြတာ။ ရန်ဖြစ်နေတုန်းမှာ မူးယစ်ဆေးဝါး သတင်းရလို့အပြင် ၀တ်ဝတ်ပြီး လိုက်လံစုံစမ်းနေတဲ့ ရဲအုပ်ရဲ့ကားက အဲဒီနားကို ရောက်လာတယ်။ ရောက်တဲ့အချိန်မှာ အရိုက်ခံရတဲ့ ကောင်လေးက ရဲအုပ်ကားဖုံးပေါ်ကို မူးပြီးလဲကျတယ်။ လဲကျပြီး ရဲအုပ်ကိုလည်း ဆဲဆိုတာတွေ ပြုလုပ်တယ်လို့ သိရတယ်။ ရဲအုပ်ရိုက်တဲ့ တုတ်ကလည်း သံတုတ်လည်း မဟုတ်၊ နံပါတ်တုတ်လည်း မဟုတ်ပါဘူး။ အုပ်စုနှစ်ဖွဲ့ရန် ဖြစ်တုန်းက ကျန်ခဲ့တဲ့တုတ်ပါ” ဟု ပြောကြားသည်။

ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက “စုံခုံဖွဲ့စစ်ဆေးခံနေရတဲ့ ရဲအရာရှိကို ကျွန်တော်က နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးတွေက အရမ်းပျံ့နှံ့နေတော့ စုံစမ်းဖမ်းဆီးပေးဖို့ တောင်းဆိုထားတာပါ။ အဲဒီအချိန်မှာ ဖြစ်သွားတာလည်း ဖြစ်တယ်။ ဖြစ်စဉ်အရသူက ရိုက်နှက်ခဲ့ပေမယ့် သူ့အပေါ် အရေးယူမှုတွေ ပြုလုပ်လာရင် ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံးသူ့ကို အရေးယူမှုပေါ့အောင်၊ အမှန်ကန်ဆုံးဖြစ်အောင် လိုက်လံကူညီ ပေးသွားမှာပါ” ဟု ပြောကြားသည်။

ရိုက်နှက်ခံရသည့် အမျိုးသားမှာ ဗားကရာဆိပ်ကမ်းရှိ လှေပေါ်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားပြီး နောက်တစ်ရက်တွင် ၎င်း၏လှေဦးစီးမှ ကြည့်မြင်တိုင်ရဲစခန်းတွင် လာရောက် ခေါ်ဆောင်သွားကြောင်း သိရသည်။

 

August 14, 2018














Copy Protected by Chetan's WP-Copyprotect.