မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည့် စကားရပ်ကို သုံး/မသုံး ဆုံးဖြတ်ရခြင်း မရှိသေး

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည့် စကားရပ်ကို သုံး/မသုံး ဆုံးဖြတ်ရခြင်း မရှိသေး
Published 15 August 2018

မိုက်ပွန်ပီယို(ဝဲ)နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ(ယာ) တို့အား သြဂုတ် ၃ ရက်က စင်ကာပူတွင် ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဘေးဆွယ်ဆွေးနွေးပွဲ၌ တွေ့ရစဉ်

မြန်မာနိုင်ငံ၌ ဘင်္ဂါလီမွတ်စလင်များအပေါ်  အကြမ်းဖက်မှုနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုတွင် လွန်ခဲ့သည့်နှစ်က ဆယ်စုနှစ်အတွင်း ကြောက်မက်ဖွယ် အကောင်းဆုံး အစုအလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတစ်ရပ်အဖြစ်  ဘင်္ဂါလီမွတ်စလင်များအား သတ်ဖြတ်မှု ဖြစ်ပွားခြင်း မတိုင်မီ မြန်မာတပ်မတော်သည် ကြိုတင်ကြံရွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မိန့်ခွန်းတစ်ရပ်ပြောကြားရန် စီစဉ်ထားမှုမတိုင်မီ ရက်အနည်းငယ်အလိုတွင် ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သည် ယင်းကိစ္စအား လူမျိုးသုဉ်းသတ်ဖြတ်မှုဟု ခေါ်ဆိုမည်လားဟူသည်ကို ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရသည်။

ပွန်ပီယို၏ ထုတ်ပြန်ချက်မူကြမ်းတစ်စောင်ကို POLITICO က တစ်ဦးတည်း မူပိုင်အဖြစ် ရရှိခဲ့ရာတွင် ကွင်းဖြင့်ဝိုင်းထားသော “ဆုံးဖြတ်ရန်အတွက် ဆိုင်းငံ့ထား” ဟူသည့် စကားရပ်ကို အဆိုပါဖြစ်ရပ်အားမည် သို့ခေါ်ဆိုမည်ဟူသည်နှင့်ပတ်သက်၍ ပွန်ပီယို၏ ကောက်ချက်ပေးရန် စာပိုဒ်၌တွေ့ရှိရသည်။

အဆိုပါကောက်ချက်သည် ထရန့်အစိုးရအဖွဲ့အတွင်း၌ အပြင်းအထန် အငြင်းပွားခဲ့သည့် အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည် သီးခြားလူမျိုးစု သို့မဟုတ် ဘာသာရေးအုပ်စု တစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို သုတ်သင်ရန် ကြိုတင်ကြံရွယ်ထားသည့် အားထုတ်မှု တစ်ရပ်အဖြစ် အဓိပ္ပာယ်သတ် မှတ်ခြင်းဖြစ်သည်။ ယင်းကဲ့သို့သတ်မှတ်ပါက သတ်မှတ်ခံရသည့်နိုင်ငံကို အမေရိကန်အနေဖြင့် အပြစ်ပေး အရေးယူရေး ခြေလှမ်းများ လှမ်းရမည်ဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့်သည် ယင်းကိစ္စအတွက် စိတ်ဝင်စားဟန်မပြကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဌာနသည် ပွန်ပီယိုအနေဖြင့် အဆိုပါထုတ်ပြန်ချက်အား သြဂုတ်လ ၂၅ ရက် မတိုင်မီ ယခုသီတင်းပတ်အတွင်း ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ထားသည်။ သြဂုတ်လ ၂၅ ရက်သည် ဘင်္ဂါလီ မွတ်စလင် ထောင်နှင့်ချီသေဆုံးခဲ့ပြီး ၇၀၀,၀၀၀ ခန့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ရမှု၏ နှစ်ပတ်လည်နေ့ဖြစ်သည်။

စုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များကို ဖော်ပြမည့် အဆိုပါထုတ်ပြန်ချက်ကို ပွန်ပီယို ပြောကြားရန် စီစဉ်ထားသည့် မိန့်ခွန်းမှတစ်ဆင့် သို့မဟုတ် ပြည်သူများအတွက် သီးခြားထုတ်ပြန်ချက်မှတစ်ဆင့် ထုတ်ပြန်မည်လားဟူသည်ကို ကွဲကွဲပြားပြား သိရှိရခြင်းမရှိသေးပေ။

အမေရိကန်နိုင်ငံခြားရေးဌာနမှ ငှားရမ်းခဲ့သော စုံစမ်းစစ်ဆေးသူများသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားသော အကြမ်းဖက်မှုများ၌ အသက်မသေဘဲ ကျန်ရစ်ခဲ့သူများထံမှ သက်သေခံထွက်ဆိုချက်များကို စုဆောင်းခဲ့ကြပြီး ရွာများမီးရှို့ခံရကြောင်း၊ ကလေးများမြစ်ထဲသို့ သို့မဟုတ် မီးတောက်များအတွင်းသို့ ပစ်သွင်းခံရကြောင်းနှင့် အမျိုးသမီးများ အုပ်ဖွဲ့မုဒိမ်းအကျင့်ခံခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များကိုလည်းကောင်း၊ ထွက်ပေါ်လာသည့် ပွန်ပီယို၏ ထုတ်ပြန်ချက်နှင့်ပတ်သက်သော တစ်စုံတစ်ရာကိုလည်းကောင်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

သို့သော် ထရန့်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ‘sensitive but unclassified’ ဟု အမှတ်အသားပြုထားသော ထုတ်ပြန်ချက်မူကြမ်းသည် အပြောင်းအလဲများရှိနိုင်သေးကြောင်း သတိပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ ဖြစ်ရပ်များအား လူမျိုးသုဉ်းသတ်ဖြတ်မှုဟု အမည်တပ်ရန် ရှောင်ရှားလေ့ရှိခဲ့သည်။ ယင်းသို့အမည်တပ်ခြင်းသည် သဘောတရား အရဆိုလျှင် အမေရိကန်အနေဖြင့် (အထူးသဖြင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက) နိုင်ငံတကာဥပဒေအောက်၌ ကြားဝင်ဆောင်ရွက်ပေးရန် တာဝန်ရှိနေသောကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။

အမေရိကန် ပါဝင်လက်မှတ်ထိုးထားသော လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တစ်ရပ်၌ လူမျိုးသုဉ်းသတ်ဖြတ်မှုသည်  နိုင်ငံတကာဥပဒေအောက်ရှိ ရာဇဝတ်မှုဖြစ်ပြီး လတ်မှတ်ရေးထိုးထားသော နိုင်ငံများအနေဖြင့် ယင်းကိစ္စကို ကာကွယ်ရန်နှင့် အပြစ်ပေးရန် ဆောင်ရွက်ရမည် ဟု ပါရှိသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနသည် ဘင်္ဂါလီမွတ်စလင်ကိစ္စနှင့် ပတ်သက်၍ ‘လူမျိုးစုလိုက် သုတ်သင်မှု’ ဟူသည့်  စကားရပ်ကိုသာ သုံးစွဲခဲ့သည်။ ယင်းစကား လုံးမှာမူ နိုင်ငံတကာဥပဒေအရ အနည်းငယ်ပို၍ ပျော့ပျောင်းသည့် သဘောရှိသည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ ဥပဒေရေးရာဌာနခွဲက မြန်မာတပ်မတော်၏ ကြံရွယ်ချက်ကို အမေရိကန်အနေဖြင့် ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်မည်လားဟူသည်ကို အာမမခံနိုင်သောကြောင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဟု အမည်တပ်ခြင်းကို ဆန့်ကျင်ကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပွန်ပီယိုအနေဖြင့် အမေရိကန်နိုင်ငံခြား ရေးဌာန၏ စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များနှင့်ပတ်သက်သော အစီအရင်ခံစာကို အပြည့်အစုံ ထုတ်ပြန်မည်လားဟူသည့် အချက်မှာလည်း ရေရေရာရာ သိရှိရခြင်း မရှိသေးပေ။

သို့သော် ထုတ်ပြန်ချက်မူကြမ်းတွင် ဘင်္ဂလားဒေ့ရှ်ရှိ ခနော်နီ ခနော်နဲ့ ဒုက္ခသည် စခန်းများ၌ ပြန့်ကျဲနေသည့် အသက်ရှင် ကျန်ရစ်သူ ၁၀၀၀ ကျော်၏အကြောင်း ဖော်ပြထားချက်များအား ပြတ်ပြတ်သားသား ရေးသားထားသည်ကို တွေ့ရှိရသည်။

ပွန်ပီယိုအနေဖြင့် မည်သည့်စကားရပ်ကို သုံးစွဲရန်ရွေးချယ်သည်ဖြစ်စေ မြန်မာနိုင်ငံ၌ ကျန်ရစ်နေဆဲ ဘင်္ဂါလီမွတ်စလင်များအား ကာကွယ်ရန်အတွက် အမေရိကန်က မြန်မာနိုင်ငံကို စစ်ရေးအရ စွက်ဖက်ရန်ကိစ္စမှာ အကြီးအကျယ်ဖြစ်နိုင်ခြင်းမရှိဟု ဆိုသည်။

REF;POLITICO

Most Read

Most Recent