<

မြောက်ဦးမြို့၏မြောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ လင်းမြွေတောင်တန်းကိုဖြိုဖျက်ပြီး ကျောက်ထုတ်လုပ်နေမှု ရပ်တန့်ပေးရေး ဒေသခံများက ပြည်နယ်အစိုးရထံ တင်ပြ

မြောက်ဦးမြို့၏ မြောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ လင်းမြွေတောင်တန်းကို တွေ့ရစဉ်

မြောက်ဦးမြို့၏ မြောက်ဘက် ၁၇ မိုင် ခန့်အကွာရှိ လင်းမြွေတောင်တန်းကို ဖြိုဖျက်ပြီး ကျောက်ထုတ်လုပ်နေမှုရပ်တန့်ပေးရေး ထိပ်ဝပြင်ကျေးရွာဒေသခံများက ရခိုင်ပြည်နယ်အစိုးရထံ သြဂုတ် ၁၃ ရက်က တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတောင်တန်းသည် မြောက်ဦး၏မြောက်ဘက် ၁၇ မိုင်ခန့်ဝေးသောနေရာတွင် တည်ရှိပြီး ထိပ်ဝပြင်ကျေးရွာ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိကာ မြောက်မှတောင်သို့ လေးမိုင်ခန့်ရှည်လျားကြောင်း၊ ထိပ်ဝပြင်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ခန့်ရှိကာ လူဦးရေ ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

ယင်းတောင်တန်းကို အမှီပြုပြီး ကျွဲ၊ နွားများ စားကျက်မြေနှင့် ကျေးရွာသားများ မှီခိုအားထားနေရသော တောင်တစ်ခုဖြစ်ကြောင်း၊ နွေရာသီရေရှားပါးချိန်တွင် ယင်းတောင်မှ စိမ့်စမ်းရေကို ရယူနိုင်သဖြင့် အသုံးဝင်သော တောင်တစ်ခုဖြစ်ကြောင်းနှင့် ရှေးဟောင်းသမိုင်း အမွေအနှစ်များ တည်ရှိရာဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ လင်းမြွေတောင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီမှ ဦးကျော်တင်ဝင်းက “ပထမ ဓည၀တီပြည် ပျက်သုဉ်းပြီးနောက် ဒုတိယဓည၀တီဟာ လင်းမြွေတောင်တန်းကို မှီတည်ပြီး တည်ထောင်ခဲ့တာလည်း ဖြစ်တယ်။ သမိုင်းကြောင်းအရလည်း ထင်ရှားပါတယ်။ အခုလိုမျိုး ကျောက်ထုတ်လုပ်နေတာဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေနဲ့လည်း မညီဘူးဆိုတာကို သိရတယ်။ ဒီတောင်တန်းဟာ ဆင်းရဲနွမ်းပါးသူတွေအတွက် အရေးပါတဲ့တောင်တစ်ခုဖြစ်တယ်။ သရီချောင်း၊ ခခတ်ပြင်ရွာသစ်၊ ခခတ်ပြင်ရွာဟောင်း၊ စဖိုတန်း၊ လုပ်ချောင်း၊ စိုင်ခြုံ၊ လျှာရှည်ပြင်၊ ရှောက်ပင်ကွင်း၊ ကျီရာပြင်၊ တောင်ဦး အစရှိတဲ့ ကျေးရွာပေါင်းများစွာကလည်း ဒီတောင်တွေကို မှီခိုလုပ်ကိုင် စားသောက်ရတာတွေ ရှိပါတယ်။ ဒီတောင်ကို ဖြိုဖျက်လိုက်မယ်ဆိုရင် ဒေသခံရွာပေါင်းများစွာက လူတွေစားသောက်ရေး ခက်ခဲသွားနိုင်ပါတယ်။ ရွာတွေမှာရှိတဲ့ ကျွဲ၊ နွားတွေလည်း စားသောက်ဖို့ ကွင်းပျောက်သွားနိုင်ပါတယ်။ စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းနဲ့အပြိုင် တည်ရှိနေတာလည်း ဖြစ်တယ်။ အခုဆိုရင် စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်နေမှုတွေဟာ ဒေသခံပြည်သူတွေအတွက် အများကြီးထိခိုက်ပါတယ်။ မြောက်ဦးမြို့နယ်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပူလာတယ်ဆိုတာ လူတိုင်းသိတယ်၊ ဒါပေမဲ့ တောင်တန်းတွေလို သဘာဝပတ်ဝန်းကျင်တွေကို ဖျက်ဆီးလိုက်ခြင်းအားဖြင့် ပိုမိုပူလာနိုင်တယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာ ဖြစ်ပါတယ်။ အဲဒါကြောင့် တားမြစ်ရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တိုင်ကြားမှုကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်သို့ လိပ်မူပြီး တိုင်တန်းတင်ပြခြင်းဖြစ်ကာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လယ်ယာသားငါး၊ သစ်တောနှင့် သတ္တုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး၊ ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦး) အစရှိသောပုဂ္ဂိုလ်များအပြင် အခြားသော ဌာနဆိုင်ရာများကိုလည်း မိတ္တူပေးပို့ထားကြောင်း သိရသည်။

 

August 14, 2018














Copy Protected by Chetan's WP-Copyprotect.