ဒီမိုကရေစီ အစိုးရလက်ထက်တွင် လက်ပံတောင်းတောင်ပြဿနာအား ဖြေရှင်းပေးနိုင်ပါက သမိုင်းဝင်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ဒေသခံများ အလုပ်အကိုင်အဆင်ပြေရန် ဆောင်ရွက်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဒီမိုကရေစီ အစိုးရလက်ထက်တွင် လက်ပံတောင်းတောင်ပြဿနာအား ဖြေရှင်းပေးနိုင်ပါက သမိုင်းဝင်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ဒေသခံများ အလုပ်အကိုင်အဆင်ပြေရန် ဆောင်ရွက်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 15 August 2018

ဒီမိုကရေစီအစိုးရလက်ထက်တွင် လက်ပံတောင်းတောင်ပြဿနာအား ဖြေရှင်းပေးနိုင်ပါက သမိုင်းဝင်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ဒေသခံများ အလုပ်အကိုင် အဆင်ပြေရန်ဆောင်ရွက် ပေးသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မိမိတို့စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများဆုံးရှုံးသွားသော ဒေသခံများအား ၎င်းတို့၏ ရွာများဝန်းကျင်ရှိ မြေလွတ်၊ မြေလပ် ၁၉၀၀ ဧကခန့်ကို စိုက်ပျိုးနိုင်သည့် မြေဖြစ်အောင် ပြုပြင်ပေးပြီး ခွဲဝေပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းသည်။

ဦးရဲထွဋ်က စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ ကို ရှာဖွေဖော်ထုတ်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် နိုဝင်ဘာအတွင်းက ရှာဖွေဖော်ထုတ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု သိရကြောင်း၊ ကွင်းဆင်းလေ့လာချက်များအရ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်အတွင်းရှိ မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်အတွက် အစားထိုးဖော် ထုတ်နိုင်သည့် ဧရိယာသည် ၁၇၂၇ ဧကသာ ရှိကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နှင့် ဝမ်ပေါင်ကုမ္ပဏီတို့သည် အကျိုးအမြတ် ခွဲဝေခံစားသည့်စနစ်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေဧရိယာ စုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧက သိမ်းဆည်းပြီး ဆောင်ရွက်ခဲ့သည်ဟု သိရကြောင်း၊ သိမ်းဆည်းခဲ့သည့် စုစုပေါင်းဧရိယာအနက်  ၆၇၈၄ ဧကအတွက် မြေယာလျော်ကြေးပေးခဲ့သည် ဟု သိရကြောင်း၊ လက်ပံတောင်းတောင် ဒေသရှိ ဝက်မှေး၊ ဇီးတော၊ ဆည်တဲ၊ မိုးကြိုးပြင်၊ တုံရွာမှ ဒေသခံများသည် မြေယာလျော်ကြေး နှင့်သီးနှံလျော်ကြေးမယူဘဲ ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်ဟု သိရကြောင်း ပြောကြားခဲ့သည်။

ဦးရဲထွဋ်က “ဒေသခံတွေက လက်မခံကြဘူး။ ဒီပြဿနာပြေလည်အောင် ဘက်စုံကနေ လုပ်ပေးသင့်တယ်။ အထူးသဖြင့် ဒီမိုကရေစီအစိုးရခေတ်မှာ အဆင်ပြေအောင် လုပ်ပေးသင့်တယ်။  ကိုယ့်အစိုးရသက်တမ်းမှာ ဒီလက်ပံတောင်းတောင်ပြဿနာကြီးကို ဖြေရှင်းပေးတယ်ဆိုရင် သမိုင်းပဲ။ ဒီမိုကရေစီရဲ့တန်ဖိုးကို ဒါမှလည်း ပြည်သူတွေ သိမယ်။ အဲဒီလိုသိအောင် ပြည်ထောင်စု အစိုးရရော၊ တိုင်းဒေသကြီးအစိုးရကရော လုပ်ပေးသင့်တယ်။ ဒီကိစ္စကို ဖြတ်ဖို့လိုတယ်။ ဒီမြေကွက် ၁၉၀၀ ပေးရုံတင်မကူး။ စုံစမ်းရေး လုပ်ခဲ့တာက ငါးနှစ်လောက်ရှိပြီ။ အဲဒီ လေးငါးနှစ်အတွင်းမှာ ပြောင်းလဲနေတာတွေ အများကြီးရှိတယ်။ ဥပမာ-စုံစမ်းရေး ကော်မရှင်မှာ မပါတဲ့ဟာတွေကို လုပ်မပေးနိုင်ဘူးဆိုတဲ့ သဘောမျိုးပြောတယ်။ ဒေသခံတွေက မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးမယူကြဘူး။ ဒါပေမဲ့ တောင်သူတွေက သီးနှံနစ်နာကြေးပေးဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ အစီရင်ခံစာမှာက သီးနှံနစ်နာကြေးပေးဖို့ မပါဘူး။ ဒါကြောင့် မပေးနိုင်ဘူးပြောတယ်။ ခေတ်ကာလ အချိန်ကာလက ပြောင်းလဲနေပြီ။ ဒါတွေကိုတော့ အစိုးရအနေနဲ့ ကိုယ့်နိုင်ငံသားတွေပဲ ဒုက္ခရောက်ပြီး ဆင်းရဲနေကြတယ်။ အဲဒါကို ငဲ့ညှာတဲ့အနေနဲ့ တစ်ခုခုလုပ်ပေးသင့်တယ်။ ကျွန်တော်တို့ အမြဲတိုက်တွန်းခဲ့တာကတော့ သီးနှံနစ်နာကြေးပေးဖို့ပေါ့။ သူတို့ရဲ့ ဘဝကို ပြေလည်အောင် ဖန်တီးပေးသင့်တယ်။ ဒီပြဿနာကြီးကို မဖြေရှင်းနိုင်ခင်မှာ ဒေသခံတွေပြေလည်အောင် လုပ်ပေးသင့်တယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

ယင်းကဲ့သို့မေးမြန်းမှုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က “စိုက်ပျိုးမြေဧက ၁၉၀၀  ကို ရှာဖွေဖော်ထုတ်ရေးကော်မတီက စိစစ်တင်ပြတဲ့ ၁၇၂၇ ဧကကို အစားထိုးဖော်ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သွားတဲ့ တောင်သူတွေအနေနဲ့ လုပ်ကိုင်လိုခြင်း ရှိ/မရှိ သဘောဆန္ဒအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မေးမြန်းဆောင်ရွက်ဖြစ်ပါတယ်” ဟု ဖြေကြားသည်။

ထို့ပြင် ဒုဝန်ကြီးက ယင်းမာပင်မြို့နယ် နှင့် ကနီမြို့နယ်အတွင်းရှိ မြေလွတ်၊မြေရိုင်း လုပ်ပိုင်ခွင့်ရရှိခဲ့သော်လည်း လုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်၊မြေရိုင်းများကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သွားခဲ့သည့် တောင်သူများအတွက် အစားထိုး မြေဖော်ထုတ်ပေးနိုင်မည့် ဧရိယာစုစုပေါင်း ၁၇၂၇  ဧကရှိကြောင်း၊ ယင်းမာပင်မြို့နယ်နှင့် ညောင်ကိုင်းကျေးရွာအုပ်စုတွင် ၉၁၆ ဧက၊ ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာအုပ်စုတို့တွင် ၈၁၁ ဧက ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း ပြောကြားသည်။

Most Read

Most Recent