ကျောက်ကြီးမြို့မှ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းပိဋကတ်တိုက် အဆောက်အအုံတစ်ခု ပြိုကျပျက်စီး

ကျောက်ကြီးမြို့မှ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းပိဋကတ်တိုက် အဆောက်အအုံတစ်ခု ပြိုကျပျက်စီး
Published 15 August 2018

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ တောင်ငူတန်းရပ်ကွက်တွင် ရုပ်ရှင်မင်းသမီး ကြီးဒေါ်တင်တင်နွဲ့မိသားစုတို့ လှူဒါန်းထားခဲ့သော မင်းကျောင်း ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းမှ သက်တမ်း ၁၀၀ ကျော်ရှိသော ရှေးဟောင်းပိဋကတ်တိုက် အဆောက်အအုံမှာ ဟောင်းနွမ်းဆွေးမြည့်ကာ သြဂုတ် ၁၃ ရက် ညပိုင်းက အလိုအလျောက် ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းကျောင်း ပိဋကတ်ကျောင်းတိုက်ကြီးမှာ ရှေးကျပြီး ရုပ်ရှင်မင်းသမီးကြီး ဒေါ်တင်တင်နွဲ့ မိသားစုတို့က လှူဒါန်းခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး အသက် ၉၃ နှစ်ရှိသည့် ဦးသောင်းက “ဒီတိုက်တွေ ဆောက်တုန်းကတော့ ကျွန်တော်တို့လည်း မမီဘူးပေါ့လေ။ ကျွန်တော်တို့ ကြီးလာတဲ့ အချိန်ကျတော့ ဒါကြီးကို တွေ့ရတာပေါ့။ ကျွန်တော့်အသက်က ခုနှစ်ပြောမယ် ဆိုရင်တော့ ၈၇ ခု တန်ခူးလဖြစ်မယ်။ ဒီပိဋကတ်တိုက်နဲ့ ပတ်သက်လို့ ပထမဆုံး တည်ဆောက်ခဲ့တာက ရန်ကုန်မြို့က ဦးလှစိန်၊ ဒေါ်အုန်းတင်၊ နောက်တစ်ဆင့်က သူ့သားဖြစ်သူ ကိုသက်ထွန်း၊ တင်တင်နွဲ့ ရုပ်ရှင်မင်းသမီးကြီး သူတို့တည်ဆောက်ခဲ့တယ် ဆိုတာကို ကျွန်တော်သိရပါတယ်” ဟု ပြောကြားသည်။

ကျောင်းတိုက်ကြီး ပြိုကျသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းကျောင်း ဘုန်းကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သော ဆရာတော် ဦးတေဇက “အနောက်ဘက်ခြမ်း ထောင့်ကနေပြီးတော့ အက်လာတယ်။ အက်လာတဲ့ အခါကျတော့ ဘုန်းကြီးက ခုံနဲ့ခုပြီးတော့ တက်ပြီးတော့ အဲဒီအက်တဲ့ကြားထဲကို သံချောင်းတွေများ ရှိလား မရှိဘူးလား ဆိုပြီးတော့ နှိုက်ကြည့်တာ။ ဘာသံချောင်းမှ မတွေ့ဘူး။ အဲဒါလည်း ဒါကတော့ မပြိုလောက်ပါဘူး ဆိုပြီးတော့ ထားလိုက်တယ်။ နောက်ပြီး အောက်ဘက်ဆင်းပြီး တံမြက်စည်းလှည်းတော့ အောက်ခြေမှာ နိမ့်ဆင်းသွားတယ်။ ကိစ္စမရှိဘူး၊ ဖြစ်လာရင်လည်း နည်းနည်းတော့ လှုပ်ရှားလာမှာပဲ ဆိုပြီးတော့ နေလိုက်တာ။ ညကျတော့ ပဋ္ဌာန်းပွဲသွားတာ။ နောက်ကဖုန်းလာတယ်။ ဘုန်းကြီးနေတဲ့တိုက်တော့ ပြိုသွားပြီ ဆိုပြီးတော့။ ပြိုတော့ ဘယ်တတ်နိုင်မလဲကွာဆိုပြီး နောက်နေ့ မနက်ကျတော့ ဘုန်းကြီးရေနွေးအိုးတည်တဲ့ နေရာဘက်က အကုန်လုံးပါသွားတာ” ဟု မိန့်ကြားသည်။

Most Read

Most Recent