ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဓမ္မရံကြီးဘုရားအတွင်း ပန်းခြံသဖွယ် ပြုလုပ်ထားသည့်ကိစ္စ ဝေဖန်မှုများ ထွက်ပေါ်လာသည့်အတွက် ပြန်လည်ပြင်ဆင်မည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဓမ္မရံကြီးဘုရားအတွင်း ပန်းခြံသဖွယ် ပြုလုပ်ထားသည့်ကိစ္စ ဝေဖန်မှုများ ထွက်ပေါ်လာသည့်အတွက် ပြန်လည်ပြင်ဆင်မည်
Published 15 August 2018

ဓမ္မရံကြီးဘုရားအတွင်း ဆောင်ရွက်ထားမှုကို သြဂုတ် ၁၄ ရက် နံနက်က တွေ့ရစဉ်

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဓမ္မရံကြီးဘုရားအတွင်း ပန်းခြံသဖွယ် ပြုလုပ်ထားသည့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအား ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ပြန်လည်ပြင်ဆင် ဆောင်ရွက်မည်ဟု ဓမ္မရံကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းအေးက ပြောကြားသည်။

“ကျွန်တော်တို့က ရှေ့မျက်နှာစာ ပေလေးဆယ်၊ ငါးဆယ်လေးကို ရှေးဟောင်းက ခွင့်ပြုပါတယ်။ စိမ်းလန်းစိုပြည်ရေး အတွက်ပါ။ တံတိုင်းမနီးရဘူးပေါ့။ စိမ်းလန်းစိုပြည်ရေးအတွက် ကျွန်တော်တို့ တစ်ဆူတည်း မဟုတ်ပါဘူးနော်။ စိမ်းလန်းစိုပြည်ရေးအတွက် ဂေါပကရှိတဲ့ ဘုရား ၁၁ ဆူမှာ စီမံချက်နဲ့ ဆောင်ရွက်ကြပါတယ်။ ရှေးဟောင်း အဆောက်အအုံလည်း မထိခိုက်အောင်ပေါ့။ ပေလေးဆယ်၊ ငါးဆယ် ကျန်တဲ့နေရာ ခွင့်မပြုဘူး။ အပင်ပုလေးတွေ စိုက်ခွင့်ပြုပါတယ်။ မနေ့ကတော့ ရှေးဟောင်းအဖွဲ့က ဒါကိုမကြိုက်ဖူး ရှေးမူမပျက်အောင် ပြန်ပြင်ရမယ် ပြောပါတယ်။ ကျွန်တော်တို့က ခေတ်အုတ်တွေနဲ့ လုပ်ထားလို့။ စီထားတာတော့ မဟုတ်ဘူး ချရုံချထားတာပါ။ အဲဒါ ပြန်ပြင်ပေးရမယ်။ ပန်းအိုးတွေ တညီတညာတည်း ဖြစ်အောင် ထားခိုင်းတယ်” ဟု ဘုရားအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပန်းခြံပြုလုပ် ထားခြင်းနှင့် စပ်လျဉ်းပြီး ဓမ္မရံကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းအေးက ပြောကြားသည်။

“ခရိုင်ကနေပြီးတော့ သူတို့ကို စိမ်းလန်းစိုပြည်ရေးအနေနဲ့ လုပ်ပါဆိုတော့ သူတို့မြက်စိုက်မယ်ပြောတာ။ မြက်စိုက်တာတော့ စိုက်ပါ မထိခိုက်အောင် လုပ်ပါဆိုတာ ပန်းခြံကြီးလို လုပ်လိုက်တော့ ပြောစရာ ဖြစ်သွားတယ်။ မနေ့က ကျွန်တော်တို့ဆီက အဖွဲ့သွားပြီး မလုပ်သင့်တာ မလုပ်ဖို့ တားရပါတယ်” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆိုသည်။

“မြက်ကို ဒီအတိုင်းစိုက်တာ ဘာမှမဖြစ်ဘူး။ မြက်စိုက်တာ ဘယ်နေရာမှာ ထိခိုက်လဲ။ ကမ္ဘာမှာ Landscapes တွေတောင် သေချာလုပ်နေကြတာ။ ဘာပင်ညာပင်တွေ ပါရင်တော့ တစ်မျိုးပေါ့” ဟု ရှေးဟောင်းစေတီပုထိုး အဆောက်အအုံများ ဝန်းကျင်တွင် မြက်စိုက်ခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သင့် မဖြစ်သင့် စက်တင်ဘာလအတွင်း သက်ဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းတွေက လာစစ်ဆေးမယ်ဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပြောပြောနေလို့ ကျွန်တော်တို့ သိရတယ်။ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေချင်ရင် ခုလိုအချိန်အခါမျိုးမှာ ပုဂံရှေးဟောင်း အမွေအနှစ်တွေ ထိခိုက်ပျက်စီးစေမယ့် ဆောင်ရွက်မှုမျိုး၊ မြင်ကွင်းအလှတွေရဲ့တန်ဖိုး ထိခိုက်ကျဆင်း စေတာမျိုး ဘယ်သူမှ မလုပ်သင့်ပါဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဓမ္မရံကြီး ဘုရားသည် ပြည်တွင်း ပြည်ပ ခရီးသွားများ အဓိက လာရောက်လည်ပတ်သည့် ဘုရားများတွင် တစ်ဆူပါဝင်ပြီး ထူးခြားသည့် ဗိသုကာ လက်ရာကြောင့် Image of Bagan ဟုလည်း တင်စားခေါ်ကြသည်။

 

Most Read

Most Recent