ရေစကြိုမြို့နယ် ဗလဗကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရက ကျပ်သန်း ၁၅၀ ချထားမည်ဖြစ်ကြောင်း သိရ

ရေစကြိုမြို့နယ် ဗလဗကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရက ကျပ်သန်း ၁၅၀ ချထားမည်ဖြစ်ကြောင်း သိရ
Published 15 August 2018

ဗလဗကျေးရွာအနီး မြစ်ကမ်းပါးပြိုကျမှုအား သက်ဆိုင်ရာမှ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေစဉ်

ရေစကြိုမြို့နယ် ဗလဗကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရက ကျပ်သန်း ၁၅၀ ချထားပေးမည် ဖြစ်ကြောင်းနှင့် အဆိုပါဘတ်ဂျက် အမှန် တကယ်လိုအပ်မှု ရှိ မရှိ သက်ဆိုင်ရာမှ သွား ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးလွှတ်တော်ကော်မတီ၏ စစ်ဆေးချက်အရ ရေစကြိုမြို့နယ် ဗလဗ ကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ချထားပေးသည့် ငွေကျပ်သန်း ၁၅၀ မှာ အမှန်တကယ် လိုအပ်ကြောင်းနှင့် အဆိုပါ ဘတ်ဂျက်ငွေအား လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ မြေပြင်ကွင်းဆင်း စစ်ဆေးချက်အရတော့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းက အမှန်တကယ် လိုပါတယ်။ ကျပ် သိန်း ၁၅၀၀ တကယ်ကို ချထားပေးသင့်တယ်။ ကမ်းပြိုနေတဲ့ အနေအထားအရ ချထားပေး နိုင်တဲ့ ဘတ်ဂျက်က နည်းတဲ့ဘက် ပါသေး တယ်။ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး အစိုးရက စီစဉ်ရတာ ဖြစ်ပါတယ်။ ဘတ်ဂျက်ချထားဖို့ လာမယ့် တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုပါမယ်” ဟု ရေစကြိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်က ပြောကြားသည်။

ရေစကြိုမြို့နယ် ဗလဗကျေးရွာ ကမ်းပြိုမှု ကာကွယ်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လာမည့် ရေနည်းကာလတွင် ကျေးရွာအနီး ဧရာဝတီမြစ်ကို ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် လက်ရှိ ရေတက်ကာလ ဖြစ်သည့်အတွက် မြစ်ကြောင်း ပြုပြင်ခြင်းလုပ်ငန်း ရပ်နားထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

“လက်ရှိတော့ ရေတက်နေတာရော အရေးပေါ် ကာကွယ်ရေး လုပ်ထားတာရောကြောင့် ကမ်းအပြို နည်းသွားပြီ။ ရေကျချိန် ရောက်ရင်တော့ သဲလွှာတွေ ရေတိုက်စားပြီး ပြိုမှာစိုးရတယ်။ ကမ်းပါးကို ခိုင်ခိုင်မာမာ ကာကွယ်ထိန်းသိမ်း ပေးမယ်လို့တော့ သိရတယ်။ ရွာကလည်း တစ်ဝက်လောက် ပါသွားတော့ ကာကွယ်ရေး လုပ်ငန်းတွေ မြန်လေကောင်းလေပဲ” ဟု ဗလဗကျေးရွာမှ ကိုနီလုံးက ပြောကြားသည်။

ဗလဗကျေးရွာအနီး မြစ်ကမ်းပါးအား ရေစီးဒဏ်ခံနိုင်ရန် ကမ်းပါးတွင် ဝါးဖောင်တွဲများ ချထားခြင်း၊ Stealcable Groyne ချထား၍ ရေလမ်းကြောင်း လွှဲခြင်းနှင့် ကမ်းပါးအား Polyfelt ခင်းအုပ်ခြင်းများအား ပြီးခဲ့သည့် ဇူလိုင်လတွင် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အရေးပေါ် လုပ်ဆောင်ပေးခဲ့သည်။

ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဗလဗကျေးရွာမှာ ယခုဇွန်လကုန်ပိုင်းတွင် ကမ်းပြိုမှုကြောင့် နေအိမ် ၃၀ နီးပါး ရွှေ့ပြောင်းထားရပြီး မြေဈေးနှုန်းကြီးမြင့်မှုကြောင့် နေအိမ်ရွှေ့ပြောင်း ထားရသူများမှာ နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေကြောင်း၊ မြစ်ရေတိုက်စားမှုကြောင့် မြေနေရာဆုံးရှုံးခဲ့သူများမှာ လက်ရှိတွင် နီးစပ်ရာ ဆွေမျိုးများထံတွင် နေထိုင်နေရပြီး မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ကျော်ထိ မြင့်တက်လာခြင်းကြောင့် ဝယ်ယူနိုင်ခြင်း မရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ဗလဗကျေးရွာမှာ ကမ်းပြိုမှုကြောင့် နေအိမ် ၆၈ လုံး ရွှေ့ပြောင်းထားရသည့်အပြင် စိုက်ပျိုးမြေဧက ၇၀၀ နီးပါး ပြိုကျဆုံးရှုံးခဲ့ပြီး ယခုနှစ်တွင် အိမ်ခြေ ၃၀ နီးပါး ထပ်မံရွှေ့ပြောင်း ထားရကြောင်း သိရသည်။

 

Most Read

Most Recent