စီးရီးအေအသင်းများသည် ယခုနွေရာသီအပြောင်းအရွှွေ့ကာလတွင် ယခင်နှစ်များထက် ပိုမိုလှုပ်ရှားခဲ့ကြသည့်အတွက် အသုံးစရိတ် ပေါင်(၁)ဘီလီယံပြည့်ဖွယ်ရှိနေကြောင်း သိရှိရသည်။
စီးရီးအေပြိုင်ပွဲ၏လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် ရီးယဲလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ပေါင်န်း(၁၀၀)ဝန်းကျင်အထိပေးပြီး ခေါ်ယူခဲ့သည့်အပြင် အခြားထိပ်တန်းခေါ်ယူမှုများစွာလည်းပြုလုပ်ခဲ့ခြင်းကြောင့် ကစားသမားခေါ်ယူမှုအတွက် စုစုပေါင်း ပေါင်သန်း(၂၀၀)ကျော်ကုန်ကျခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် ကစားသမားရောင်းချမှုမှ ပေါင်သန်း (၈၀)ခန့် ပြန်လည်ရရှိခဲ့သော်လည်း ပြိုင်ဘက်များ လိုက်မမီနိုင်သည့်ပမာဏအထိ ငွေကြေးသုံးစွဲခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ဂျူဗင်တပ်စ်အသင်း၏ပစ်မှတ်မှာ စီးရီးအေချန်ပီယံဆုကိုကာကွယ်နိုင်ရုံသာမက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိလာခဲ့သည်။ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီကလည်း စီရော်နယ်လ်ဒို၏ ပွဲဦးထွက်ခြေစမ်းပွဲမှ ခြေစွမ်းကိုမြင်တွေ့ခဲ့ပြီးနောက် ဥရောပအောင်မြင်မှု ပြန်လည်ရယူနိုင်ရန် ယုံကြည်မှုပိုရှိလာပြီဖြစ်ကြောင်း ကြုံးဝါးပြောကြားခဲ့သည်။
အခြားစီးရီးအေအသင်းများအနေဖြင့် ဂျူဗင်တပ်စ်အသင်း၏ ငွေကြေးသုံးစွဲမှုကို ယှဉ်နိုင်စွမ်းမရှိသော်လည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုသုံးစွဲလာခဲ့ကြခြင်းကြောင့် စီးရီးအေအသင်းများ၏ စုစုပေါင်းအပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင်သန်း(၉၁၀)ကျော် အထိ ရှိနေကြောင်းလည်း သိရှိရသည်။ ယင်းပမာဏမှာ ပရီးမီးယားလိဂ်မှလွဲ၍ ပြိုင်ဘက်လိဂ်များထဲတွင် အများဆုံးဖြစ်နေပြီး လာလီဂါက ပေါင်သန်း(၇၀၀)၊ ဘွန်ဒစ်လီဂါက ပေါင် သန်း(၄၀၀)၊ ပြင်သစ်လီဂူးက ပေါင်သန်း (၃၅၀)ဝန်းကျင်သာ သုံးစွဲထားကြောင်းလည်း သိရှိရသည်။ စီးရီးအေတွင် ဂျူဗင်တပ်စ်၏ နောက်၌ ငွေသုံးစွဲမှုအများဆုံးအဖြစ် ရပ်တည်နေသည်မှာ နာပိုလီနှင့် အင်တာမီလန်အသင်း တို့ဖြစ်ပြီး အင်တာမီလန်အသင်းက ဂျူဗင်တပ်စ်အသင်းကို စိန်ခေါ်နိုင်ရန် ထိပ်တန်းကစားသမားခေါ်ယူမှုများ ထပ်မံပြုလုပ်သွားရန် စီစဉ်နေဆဲဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့ပြင် စီးရီးအေ၏ အပြောင်းအရွှေ့ ဈေးကွက်ကို ရာသီသစ်မစမီ သြဂုတ်(၁၇)တွင် ပိတ်သိမ်းမည်ဖြစ်သည့်အတွက် လာမည့်ရက်ပိုင်းအတွင်း အပြိုင်အဆိုင်လှုပ်ရှားမှု များကို မြင်တွေ့ရဖွယ်ရှိနေသည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ ပရီးမီးယားလိဂ်မှ ကစားသမားများစွာ စီးရီးအေသို့ ရောက်လာဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။