၂၀၁၈ Rogers Cup  ပြိုင်ပွဲ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးချင်းပွဲများတွင် ကမ္ဘာ့အဆင့် (၁) ကစားသမားများဖြစ်သည့် နဒါးလ်နှင့် ဟာလပ်တို့ ဗိုလ်စွဲ

၂၀၁၈ Rogers Cup  ပြိုင်ပွဲ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးချင်းပွဲများတွင် ကမ္ဘာ့အဆင့် (၁) ကစားသမားများဖြစ်သည့် နဒါးလ်နှင့် ဟာလပ်တို့ ဗိုလ်စွဲ
Published 14 August 2018

Photo: AFP

2018 Rogers Cup တင်းနစ်ပြိုင်ပွဲ၊  အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်များ၌ လက်ရှိကမ္ဘာ့အဆင့် (၁)များဖြစ်သည့် ရာဖေးလ်နဒါးလ်နှင့် ဆီမိုနာဟာလပ်တို့ ဗိုလ်စွဲခဲ့ကြောင်း သိရှိရသည်။

အမျိုးသားတစ်ဦးချင်းပွဲစဉ်များ၌ ရော်ဂျာဖက်ဒါရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသလို၊ နိုင်ခြေအဆင့်(၃) ရှိ အာဂျင်တီးနားကစားသမား ဒယ်လ်ပိုထရိုမှာလည်း ဘယ်လက်ကောက် ဝတ်ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပြီး အခြားနာမည်ကျော်များဖြစ်သည့် ဇက်ဗရက်၊ ကီဗင်အန်ဒါဆန်၊ ဒီမီထရော့ဗ်၊ စီလစ်၊ ဒိုမီနစ်ချ်သင်(မ်)၊ အစ္စနာ၊ ဂျိုကိုဗစ်၊ ဂိုဖင်စသည့်ကစားသမားများအစုံအလင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

နဒါးလ်သည် ဗိုလ်လုပွဲတွင် ဂရိမှ နိုင်ခြေမဲ့ကစားသမားဖြစ်သည့် စစ်စီပက်စ်ကို ၆-၂၊ ၇-၆(၇-၄)မှတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

စစ်စီပက်စ်သည် တတိယအဆင့်မှ စကာဂျိုကိုဗစ်၊ ဇက်ဗရက်၊ ကီဗင်အန်ဒါဆန်တို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲတက်လာခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲရောက်မှ နဒါးလ်ကို ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။

ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် နဒါးလ်သည် ဗိုလ်လုပွဲကစားနေချိန်အတွင်း တိုက်ဂါးဝုဒ်၏ PGA Championship ရလဒ်ကိုမေးမြန်းခဲ့သလို ကွင်းအတွင်း ဖုန်းယူလာကာ ဗိုလ်လုပွဲပြီးသည်နှင့် တိုက်ဂါးဝုဒ်၏ သတင်းကို အဝတ်အစားမလဲသေးဘဲ ဖတ်နေခဲ့ကြောင်းလည်း သိရသည်။

Photo: AFP

အမျိုးသမီးတစ်ဦးချင်းပွဲတွင်မူ ဟာလပ်က အမေရိကန်မှ စတီဖန်စ် ကို ၇-၆(၈-၆)၊ ၃-၆၊ ၆-၄ ဖြင့်အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

Rogers Cup ပြိုင်ပွဲ၌ အမျိုးသားချန်ပီယံဆုအတွက် ဆုကြေး ဒေါ်လာ ၁.၀၂ သန်း ချီးမြှင့်ခဲ့ ပြီး အမျိုးသမီးချန်ပီယံဆုကြေးမှာ ဒေါ်လာ (၅.၂)သိန်းဖြစ်သည်။

Most Read

Most Recent