ရန်ကုန်ပြည်သူ့ဆေးရုံကြီး Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနာများနှင့် ကင်ဆာရောဂါကု ဆေးရုံသုံးပစ္စည်းများအား အရေးပေါ် ပြောင်းရွှေ့ခဲ့ရ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနာများနှင့် ကင်ဆာရောဂါကု ဆေးရုံသုံးပစ္စည်းများအား အရေးပေါ် ပြောင်းရွှေ့ခဲ့ရ
Published 14 August 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာနမီးလောင်မှုအား ငြိမ်းသတ်နေစဉ် (ဓာတ်ပုံ - နေဝန်းထက်)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနာများနှင့် ကင်ဆာရောဂါကု ဆေးရုံသုံးပစ္စည်းများအား အရေးပေါ် ပြောင်းရွှေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

သြဂုတ် ၁၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဓာတ်ရောင်ခြည်ဌာန၌ Aircon ဝါယာလျှော့ဖြစ်ရာမှ Level 2 အဆင့်ရှိ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လူထိခိုက်ဒဏ်ရာရရှိမှုတို့ သေဆုံးမှုတို့ မရှိပါဘူး။ ရှေ့ဆက်ပြီးတော့ ဒီလိုကိစ္စမျိုးတွေမဖြစ်အောင် ကျန်းမာရေးရယ်၊ မီးသတ်ရယ်ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လျှပ်စစ်ပိုင်းဆိုင်ရာလည်း ပါပါတယ်။ ဖြစ်စဉ်ကတော့ ကင်ဆာရောဂါ ပြင်ပလူနာဌာန အသေးစား ခွဲစိတ်ခန်းမှာရှိတဲ့ မီးခလုတ်ခုံ အပူလွန်ကဲရာမှာ စတင်လောင်တာဖြစ်တယ်။ မျက်နှာကျက်မှာရှိတဲ့ သစ်သားတန်းတို့ ဝါယာကြိုးတွေပဲ လောင်သွားတာ ဖြစ်ပါတယ်။ မီးငြိမ်းသတ်တဲ့သူ အန္တရာယ်မရှိအောင် မီးကိုသတိထားပြီး ငြိမ်းသက်ခဲ့ရတယ်။ အရေးယူ ဆောင်ရွက်ဖို့ကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ဘယ်သူက တာဝန်ယူထားသလဲဆိုတာကို စုံစမ်းနေပါတယ်” ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တိုင်းမီးသတ်ဦးစီးမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောကြားသည်။

မီးစတင်လောင်ကျွမ်းသည့် အချိန်တွင် ဆေးရုံဝန်ထမ်းများက မီးသတ်ဆေးဘူးများဖြင့် ငြိမ်းသတ်ခဲ့သော်လည်း ငြိမ်းသတ်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ မီးခိုးများစွာထွက်လာသည့် အချိန်တွင်မှ မီးသတ်ကားများအား ခေါ်ယူခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း ဆေးရုံကြီးတွင် မိခင်အား ပြုစုစောင့်ရှောက်နေသည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာနမီးလောင်မှုအား ငြိမ်းသတ်နေစဉ် (ဓာတ်ပုံ - နေဝန်းထက်)

“ဦးဇင်း အချိန်တော့ မမှတ်မိဘူး။ အဲဒီကင်ဆာဓာတ်ကင်တဲ့နေရာက Aircon ဘေးမှာ ပိုက်လားမသိဘူး။ အဲဒါက နီရဲနေတာကိုတွေ့တယ်။ အဲဒါနဲ့ လူတွေကပြောတော့ ဆေးရုံကသူတွေက မီးသတ်ဆေးဘူးတွေနဲ့ ငြိမ်းကြတယ်။ သုံးဘူးလောက် ကုန်သွားတယ်။ မငြိမ်းဘူး။ မီးခိုးတွေ တအားထွက်လာတော့ မီးသတ်ကားကို ခေါ်လိုက်ကြတာ။ စဖြစ်တဲ့အချိန်နဲ့ မီးသတ်ကားရောက်တဲ့ အချိန်က နည်းနည်းတော့ကြာတယ်။ ဦးဇင်းက အဲဒီအဆောင်နားက အဆောင်မှာ မယ်တော်ကြီး ဆေးရုံတက်နေရလို့ ဆေးရုံလာစောင့်နေတာ” ဟု မီးစတင်လောင်ကျွမ်းမှုမြင်ကွင်းအား ဆရာတော်က The Daliy Eleven သတင်းစာသို့ မိန့်ကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် ကင်ဆာဓာတ်ရောင်ခြည်ဌာနအတွင်း မီးငြိမ်းသတ်ထားသည့် ရေများဖြင့် ပြည့်သွားခဲ့ပြီး ကင်ဆာရောဂါအား ဓာတ်ကင်ကုသရာတွင် အသုံးပြုသည့် ဆေးရုံသုံးပစ္စည်း အများအပြားကို မီးသတ်တပ်ဖွဲ့နှင့် အခြားသော တာဝန်ရှိသူများက ချက်ချင်းပြောင်းရွှေ့နေသည်ကို တွေ့မြင်ရပြီး အနီးတွင် ဝိုင်းအုံကြည့်ရှုနေသည့် သတင်းထောက်များနှင့် အခြားသူများအား မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ဓာတ်ရောင်ခြည် အန္တရာယ်ရှိနိုင်ကြောင်း သတိပေး ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာနမီးလောင်မှုဖြစ်သဖြင့် ကုသရေးစက်ပစ္စည်းများ ရွှေ့ပြောင်းနေစဉ်(ဓာတ်ပုံ - နေဝန်းထက်)

ထို့ပြင် မီးလောင်ကျွမ်းမှုကြောင့် မီးခိုးမွှန်မှု အပါအဝင် အခြားသော အကြောင်းအရာများကြောင့် လူနာများအား အရေးပေါ် ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရပြီး လူနာအချို့ သတိလစ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဓါတ်ရောင်ခြည်ဌာနသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌတို့ အပါအဝင် တိုင်းဒေသကြီးအစိုးရအရာရှိများ လာရောက်ခဲ့ပြီး ည ၈ နာရီဝန်းကျင်တွင် မီးလောင်မှုနှင့်ပတ်သတ်၍ ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းတွင် အရေးပေါ် အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာနမီးလောင်မှုအား ငြိမ်းသတ်နေစဉ် (ဓာတ်ပုံ - နေဝန်းထက်)

အဆိုပါ မီးလောင်မှုနှင့် ပတ်သတ်ပြီး သြဂုတ် ၁၃ ရက် ညနေ ၆ နာရီ ၄၃ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၉ နာရီ ၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး မီးလောင်ကျွမ်းမှုအား Level 2 အဆင့်အဖြစ် သတ်မှတ်ခဲ့ကာ မီးငြိမ်းသတ်ယာဉ် ၂၅ စီး၊ အထောက်အကူပြုယာဉ် (၇) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၂၈၆ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၈၅ ဦးတို့ဖြင့် ရေဂါလန် (၁၂၀၀၀) အသုံးပြုပြီး မီးငြိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးရုံးမှ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက် သေဆုံးခြင်းမရှိခဲ့ဘဲ ဓာတ်ရောင်ခြည်လုံခြုံမှုနှင့် ပတ်သတ်ပြီး ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ရန်ကုန်ဆေးရုံကြီး မီးလောင်သည့်ဖြစ်စဉ်သည် ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာလတွင်လည်း မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent