<

ဧရာဝတီမြစ်ရေ မြင့်တတ်လာမှုကြောင့် အောင်လံတွင်  လူ ၅၀၀၀ ခန့်ကို ကယ်ဆယ်ရေးစခန်းများနှင့် ရေလွတ်ရာ လမ်းဘေးများ၌ ပြောင်းရွှေ့ထားရပြီး ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိ

အောင်လံမြို့ ကုသိနာရုံဘုရား ဇာတ်ရုံထဲရှိ ရေဘေးကယ်ဆယ်ရေးစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ- သက်ပိုင်)

အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူဦးရေ ၅၀၀၀ ခန့်ကို မြို့ပေါ် ရေဘေးကယ်ဆယ်ရေး စခန်းများနှင့် ရေလွှတ်ရာ လမ်းဘေးများတွင် ပြောင်းရွှေ့ ထားရပြီး ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။

သြဂုတ်၂၀ ရက်ဝန်းကျင်မှ စတင်ပြီး အောင်လံမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တတ်မှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်ထောင်စုများ ရွှေ့ပြောင်းနေရပြီး လက်ရှိ သြဂုတ် ၂၇ ရက်အထိ ရေဘေးကြောင့် ပြောင်းရွှေ့ရသူ ၅၀၀၀ ကျော် အထိရှိခဲ့ပြီး ရေဘေးသင့်သူများမှာ မြို့ပေါ်အလှူရှင်တချို့ လှူဒါန်းမှုများကိုသာ အဓိက အားထားနေရပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“အခုထောက်ပံမှု ဘာရလဲဆိုတော့ ရေသန့်ဘူးရတယ်။ ခြင်ဆေးခွေရတယ်။ မနေ့က ကြာဇံဘူးရတယ်။ ကျန်တာတွေတော့ မရပါဘူး။ ကျန်မာရေး စောင့်ရှောက်မှုတွေကတော့ ပေးထားပါတယ်။ အစိုးရက ထောက်ပံ့တဲ့ လူတစ်ဦး ကျပ် ၂၁၀၀ ကို ပထမတစ်ခေါက် ရေကြီးတုန်းကရတယ်။ အခုတော့ မရသေးပါဘူး။ ဘာအခက်အခဲ ရှိလဲဆိုတော့ ပုံမှန်လုပ်နေတဲ့ အလုပ်တွေ မလုပ်ရတော့ ၀င်ငွေမရှိဘူးပေါ့။ စားဝတ်နေရေးတော့ ခက်ခဲတာပေါ့” ဟု ကုသိနာရုံဘုရား ဇာတ်ရုံထဲရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေသူ ဒေါ်ဆန်းက ပြောကြားသည်။

“မြို့ပေါ်ပရဟိတအသင်းတချို့နဲ့ ဌာနဆိုင်ရာတချို့ကတော့ သောက်ရေတို့၊ ဆန်တို့ ထမင်းထုတ်တို့ လာလှူတာမျိုးတွေ ရှိပါတယ်။ အရင်တစ်ခေါက် ရေကြီးတုန်းကတော့ လူတစ်ဦးကို ၂၁၀၀ အစိုးရထောက်ပံ့ငွေ ရရှိခဲ့ပါတယ်။ လက်ရှိတော့ ထောက်ပံ့ငွေလည်း မရရှိသေးပါဘူး” ဟု ကုသိနာရုံဘုရားစောင်းတန်း ကယ်ဆယ်ရေး စခန်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေ မြင့်တတ်လာမှုကြောင့် မြို့ပေါ်ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေသူများ အတွက် ကျန်းမာရေဆေးခန်းများ ဖွင့်ပေးပြီး ကျန်းမာရေစောင့်ရှောက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ မြို့ပေါ်အလှူရှင်များကလည်း ဆန်ဆီစားစရာများ လှူဒါန်းမှုများလည်းရှိကြောင်း အောင်လံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောကြားသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် အောင်လံမြို့၏ စိုးရိမ်ရေအမှတ်အထက် သုံးလက်မခန့် မြင့်တတ်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ကျဆင်းနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

August 27, 2017














Copy Protected by Chetan's WP-Copyprotect.