၂၀၁၇ ခုနှစ် သြဂုတ် ၁၉ ရက်အထိ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၁၀၀၀ ကျော်၊ သေဆုံးသူ ၁၃၀ ကျော်ရှိနေပြီး ပြီးခဲ့သည့်နှစ်ကထက် ရောဂါဖြစ်ပွားနှုန်း လေးဆမြင့်တက်

၂၀၁၇ ခုနှစ် သြဂုတ် ၁၉ ရက်အထိ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၁၀၀၀ ကျော်၊ သေဆုံးသူ ၁၃၀ ကျော်ရှိနေပြီး ပြီးခဲ့သည့်နှစ်ကထက် ရောဂါဖြစ်ပွားနှုန်း လေးဆမြင့်တက်
Published 28 August 2017

မြို့နယ်ရပ်ကွက်များတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ်

လက်ရှိ တစ်နိုင်ငံလုံး၌ သွေး လွန်တုပ်ကွေးဖြစ်ပွားသူ ၂၁၂၈၈ ဦး၊ သေဆုံးသူ ၁၃၁ ဦးအထိ ရှိနေပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကထက် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လေးဆအထိ မြင့်တက်နေကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက်ရောဂါ စီမံချက်) မှ သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ သြဂုတ် ၁၉ ရက်အထိ ရရှိထားသည့် စာရင်းများအရ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှာ နေပြည်တော်တွင် ၃၈၆ ဦး၊ ကယားပြည်နယ်တွင် ၇၇၉ ဦး၊ ကချင်ပြည်နယ်တွင် ၁၅၀၀၊ ကရင်ပြည်နယ်တွင် ၁၆၆၉ ဦး၊ မွန် ပြည်နယ်တွင် ၁၆၆၆ ဦး၊ ရခိုင်ပြည်နယ်တွင် ၂၂၅၉ ဦး၊ ရှမ်းပြည်နယ် တွင် ၇၁၆ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး တွင်  ၆၆၅  ဦး၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ၇၈၇ ဦး၊ ပဲခူးတိုင်းဒေသကြီး တွင်၁၆၆၅ ဦး၊ မကွေးတိုင်းဒေသကြီး တွင် ၆၅၄ ဦး၊ မန္တလေးတိုင်းဒေသကြီး တွင် ၁၁၄၈ ဦး၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် ၄၅၁၉ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၈၀၅ ဦးနှင့် သွေး လွန်တုပ်ကွေးကြောင့် သေဆုံးမှုမှာ ရန်ကုန်တွင် ၃၂ ဦး၊ ဧရာဝတီတွင် ၂၉ ဦး၊ ရခိုင်တွင်၂၁ ဦး၊ ကရင်တွင် တစ်ဦး၊ မွန်တွင် တစ်ဦး၊ ပဲခူးတွင်   ကိုးဦး၊ ကချင်တွင် ၁၆ ဦး၊ မန္တလေးတွင် တစ်ဦး၊ တနင်္သာရီတွင် နှစ်ဦး၊ ကယားတွင် တစ်ဦး၊ စစ်ကိုင်းတွင် ငါးဦး၊ မကွေးတွင် ကိုးဦး၊ နေပြည်တော်တွင် လေးဦးဖြစ်သည်။

လက်ရှိ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်၊ ကချင်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွား  သေဆုံးနှုန်း အများဆုံး ဖြစ်နေပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါမှာ ကပ်အသွင် ဖြစ်ပွားမှု အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ သြဂုတ် ၁၀ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ  ၅၄၀၀ ကျော်၊ သေဆုံးသူ ၂၃ ဦးသာ ရှိခဲ့ပြီး လက်ရှိရောဂါဖြစ်ပွားမှုမှာ  ပြီးခဲ့သည့်နှစ်ကထက် လေးဆပိုမို များပြားလျက်ရှိကြောင်း သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက်ရောဂါ စီမံချက်မှ သိရသည်။

“သွေးလွန်တုပ်ကွေးရောဂါက ကမ္ဘာမှာ နှစ်စဉ် လူဦးရေ သန်း ၄၀၀ ခန့် ကူးစက်ခံနေရတယ်။ ဒီရောဂါကို ကလေးတွေရဲ့ ကျန်းမာရေးပြဿနာ အနေနဲ့ အဓိကဦးစားပေး လုပ်ငန်းတွေမှာ ဆောင်ရွက်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတယ်။ အရင်က ရောဂါက ဖြစ်တော့ ဖြစ်နေတယ်။ လူတွေက ဒီလောက် ဂရုမစိုက်မိကြဘူး။ အခုနောက်ပိုင်းကျတော့ ဖြစ်နှုန်းတွေလည်း များလာတယ်။ လေးနှစ်တစ်ကြိမ် ကပ်ရောဂါအသွင် ဖြစ်လာတာကနေ နှစ်စဉ်နီးပါး ဖြစ်လာတယ်။ ခြင်တွေရဲ့ သဘာဝရော၊ လူနေမှုစနစ်ရော မြင့်လာတာနဲ့အညီ ရောဂါဖြစ်နှုန်းတွေ များလာတယ်။ ခြင်ပေါက်ဖွားတဲ့ နေရာတွေကလည်း ပိုများလာတယ်။ ခရီးသွားလာမှု များလာတာတွေကလည်း ရောဂါဖြစ်နှုန်း များလာတဲ့ အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက်ရောဂါ စီမံချက်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု နှစ်စဉ် မြင့်တက်လာရာ ပျမ်းမျှ တစ်နှစ်လျှင် လူဦးရေ ၁၀၀၀၀ ကျော်ဖြစ်ပွားပြီး ၆၀ နှုန်း သေဆုံးနေကြောင်း၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဖြစ်ပွားနှုန်း ဆက်တိုက်မြင့်တက် လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုနှုန်း နှစ်စဉ် မြင့်တက်လာသည့် သွေးလွန်တုပ်ကွေးရောဂါကို ၂၀၁၅ ခုနှစ်မှစ၍ တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှုရသည့် ရောဂါစာရင်းတွင် စတင်ထည့်သွင်းခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ သုံးသန်းကျော်အနက် ပြင်းထန်လူနာ ငါးသိန်းခန့်ရှိခဲ့ပြီး သေဆုံးလူနာ ၁၂၅၀၀ ခန့်ရှိကြောင်း၊ နှစ်ပေါင်း ၇၀ ကျော် မဖြစ်ပွားခဲ့သည့် ဂျပန်နိုင်ငံတွင်ပင် ရောဂါဖြစ်ပွားမှုများ ရှိလာကြောင်း၊ လက်ရှိ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံတွင် ရောဂါဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

Most Recent