ကာလရှည် ရေနစ်မြုပ်ပြီး ရေပြန်ကျ၍ နေအိမ်ရှင်းလင်းပါက မြွေနှင့် အခြားအဆိပ်ရှိသတ္တဝါ အန္တရာယ် သတိထားရန်လိုအပ်

ကာလရှည် ရေနစ်မြုပ်ပြီး ရေပြန်ကျ၍ နေအိမ်ရှင်းလင်းပါက မြွေနှင့် အခြားအဆိပ်ရှိသတ္တဝါ အန္တရာယ် သတိထားရန်လိုအပ်
Published 12 August 2018

ရက်ရှည်ကြာ ရေနစ်မြုပ်မူကြောင့် ဘားအံမြို့ အမှတ် ၅ ရပ်ကွက် မြေနိမ့်ပိုင်း နေအိမ်အတွင်း ဝင်ရောက် ခိုလှုံနေသည့်မြွေကို မြင်တွေ့ရစဉ်

ရက်ကာလရှည်ကြာ ရေနစ်မြုပ်ခြင်း ခံစားရပြီး ရေပြန်လည်ကျဆင်းပြီး နေအိမ်ရှင်းလင်းပါက မြွေနှင့် အခြားအဆိပ်ရှိသတ္တဝါ အန္တရာယ်များကို သတိထားရန် လိုအပ်ကြောင်း ဘားအံမြို့ အမှတ် ၅  ရပ်ကွက် အောင် နန်း ၄ လမ်းတွင် နေထိုင်သူတစ်ဦးက သတိပေး ပြောကြားသည်။

“ရေလွှမ်းမိုးနစ်မြုပ်ပြီ ဆိုတာနဲ့ ရပ်ကွက်အနီး လယ်တောကိုင်းတောမှာ ကျင်လည်ကျက်စားတဲ့ မြွေကင်း အဆိပ်ရှိ သတ္တဝါတွေ ရေနစ်မြုပ်နေအိမ်တွေအပေါ် တက်ရောက် ခိုလှုံလေ့ရှိပါတယ်။ အခုလို ရက်ရှည်ရှည် ရေမြုပ်နေရင် ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်။ ကယ်ဆယ်ရေး စခန်းကိုမသွားလိုဘဲ နေအိမ်မစွန့် ခွာလိုသူတွေ အနေနဲ့ အတော်လေး သတိထားရမှာ ဖြစ်ပါတယ်။ တစ်အိမ်တည်းမှာပဲ မိမိက မြွေကင်း တွေနဲ့ ရောထွေးနေထိုင်နေတယ်ဆိုတာ မသိနိုင်ပါဘူး” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေသည် သြဂုတ် ၈ ရက်က မြစ်ရေ ပြန်လည်ကျဆင်းခဲ့ပြီး စိုးရိမ်ရေမှတ်အထက် ၈၃၁ စင်တီမီတာရှိနေ ရာမှ ယင်းနေ့  ည ၁၁ နာရီတွင် ၈၄၆ စင်တီမီတာအထိ တစ်ဟုန်ထိုး မြင့် တက်လာကာ သြဂုတ် ၁၁ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ၈၄၈ စင် တီမီတာသို့ ရောက်ရှိလာပြီး ဘားအံ မြို့ပေါ်တွင် ဒုတိယအကြိမ်မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်လာကြောင်း သိရသည်။

“အမှတ် ၅ ရပ်ကွက် အောင်နန်းဘက်နေအိမ်တွေမှာ မြွေတွေ ခဏခဏ တက်လာလို့ နေအိမ်မစွန့်ခွာဘဲ နေထိုင်သူတွေ အလန့်တကြား ဖြစ်ရတယ်လို့ ကြားသိရတယ်။ ဒီကနေ့အထိတော့ မြွေကိုက်တဲ့ သတင်းတွေတော့ မကြားသိရသေးဘူး။  ဘားအံမြို့မှာတော့  ကျန်းမာရေးအရေးပေါ် အခြေအနေ ကွပ်ကဲမှုစင်တာ ဖွင့်လှစ်ပြီး ရေဘေးစခန်းတိုင်းမှာ ယာယီဆေးခန်း ရွေ့လျားဆေးခန်းတွေ ဖွင့်လှစ်ပေးထားတာ တွေ့ရတယ်” ဟု ဘားအံမြို့ခံ တစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ရေကြီးဖြစ်စဉ်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေး ဦးစီးဌာနက မြွေဆိပ်ဖြေဆေးနှင့် သက်ကယ်အင်္ကျီများ ပေးပို့မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာနှင့်  ပုဂ္ဂလိကသတင်းစာတို့၏ ဖော်ပြချက်အရ သိရသည်။

 

Most Read

Most Recent