မန္တလေးတက္ကသိုလ်တွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ၏ စာပေစကားဝိုင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်

မန္တလေးတက္ကသိုလ်တွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ၏ စာပေစကားဝိုင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်
Published 12 August 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်တော်များ၊ ကျောင်းသားကျောင်းသူများ၊ လူငယ်ဆိုင်ရာ အဖွဲ့အစည်းများမှ လူငယ်များ မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ စာပေစကားဝိုင်း မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပြုလုပ်စဉ်

သုံးရက်ကြာ ပြုလုပ်မည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို မန္တလေးတက္ကသိုလ် အတွင်း၌ သြဂုတ် ၁၁ ရက် နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ်ပြီးနောက် ဖွင့်ပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း ဆက်လက်ပြုလုပ်ခဲ့သည်။

မန္တလေးတက္ကသိုလ်တွင် ပြုလုပ်လျက်ရှိသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်နှင့် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း ပြုလုပ်သည့် စာပေစကားဝိုင်းသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ စာပေစကားဝိုင်းတွင် တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့မှ ကျောင်းသူ ကျောင်းသား ၂၀ က တက်ရောက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာပေစကားဝိုင်း မစတင်မီ အချိန်တွင် တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ထူးချွန်ဆုရ ကျောင်းသူ ကျောင်းသားများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ စာပေစကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားကာ စာပေနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းနောက် စာပေစကားဝိုင်းသို့ ပါဝင်ဆွေးနွေးကြမည့် ကျောင်းသူ ကျောင်းသားများက ယင်းတို့ဖတ်ရှုလေ့လာထားသည့် စာပေအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ကျောင်းသူတစ်ဦးက ကျောင်းသား အများစုမှာ ဂိမ်းဆိုင်များတွင် အချိန်ကုန်ကာ ကျောင်းပညာရေး ထိခိုက်မှုများ ရှိနေသဖြင့် ဂိမ်းဆိုင်များကို အခွန်အခများစွာ ကောက်ခံ၍ ထိန်းချုပ်သင့် ကြောင်းနှင့် ဂိမ်းဆိုင်များကို မည်သို့ထိန်းချုပ်နိုင်မည်လဲဟု မေးမြန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဂိမ်းကစားတာဟာ စိတ်ရောဂါ တစ်မျိုးပဲဆိုပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သတ်မှတ်ကြတယ်။ အထူးသဖြင့် လူငယ်တွေမှာ ဂိမ်းစွဲသွားလို့ရှိရင် တခြားဘာမှ လုပ်လို့မရတော့ဘူး။ စာမကျက်လို့ ဂိမ်းဆိုင်ထဲရောက်တာ မဟုတ်ဘူး။ ဂိမ်းစွဲသွားလို့ရှိရင် အရက်စွဲသလို လောင်းကစားစွဲသလို မူးယစ်ဆေးဝါး စွဲသလိုပဲ။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ ချမ်းသာတဲ့ နိုင်ငံတွေမှာဆို ဒါကိုစိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေနဲ့ ကုယူတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ ဒီလိုလုပ်ဖို့ ခက်ပါတယ်။ နောက်ပြီး ဂိမ်းဆိုင်တွေနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ အဘက်ဘက်က စဉ်းစားရတယ်။ တစ်ဖက်ကလည်း ဒါဟာစီးပွားရေး တစ်မျိုးပဲ။ ပြီးတော့ ခေတ်ရဲ့ ရေစီးကြောင်းတစ်မျိုး ဖြစ်တာကြောင့် ခေတ်ရဲ့ရေစီးကြောင်းကို ဆန့်ကျင်ပြီး သွားလို့မဖြစ်ဘူး။ နောက်တစ်ပိုင်းကတော့ စီးပွားရေး သမားတွေ ရဲ့ စီးပွားရေး အခွင့်အလမ်းတွေကိုလည်း မဆင်မခြင်နဲ့ ပိတ်ပင်လို့ မဖြစ်ဘူး။ အစိုးရတစ်ခုကနေပြီးတော့ စည်းမျဉ်းစည်းကမ်းဥပဒေ ထုတ်တယ်ဆိုတာ အဘက်ဘက်က ကြည့်ရတယ်။ တစ်ခုတည်းပဲ ကြည့်လို့မရဘူး” ဟု ပြန်လည်ဖြေကြားသည်။

ထို့ပြင် နိုင်ငံ၏ ရသစာပေ၊ သုတစာပေ အစရှိသည့် စာပေလောက ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူနှင့် စာပေ ရင်းနှီးကျွမ်းဝင်ကာ ပြည်သူလူထုက ကုန်ကျစရိတ် သက်သာစွာဖြင့် စာပေကို ဖတ်ရှုလေ့လာရန် အတွက်မှာ အစိုးတစ်ခုတည်း လုပ်ပေး၍ မရနိုင်ဘဲ ပုဂ္ဂလိကပိုင်းမှပါ ပါဝင်ကူညီရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

Most Read

Most Recent