<

လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် ကိုယ့်အားကိုယ်ကိုးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ဓာတ်ပုံ – ဌေးလှအောင်

မန္တလေးတက္ကသိုလ်ဝင်းအတွင်း သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တိုင် ပြုလုပ်မည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၁ ရက် နံနက် ၈ နာရီက ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ စာပေစကားဝိုင်းကို စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ ကျွန်မတို့ အနာဂတ်အတွက် ပိုပြီးတော့ ခိုင်မာအောင်လို့ပဲ ဖြစ်ပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်တယ်ဆိုတာ အနာဂတ်ကို ဦးတည်လုပ်ရတာပါ။ လူငယ်တွေက အတွေးအခေါ်ဘက်ကို အားသန်မှ လူကြီးဖြစ်လာတဲ့အခါ အတွေ့အကြုံနဲ့ပေါင်းပြီး တန်ဖိုးရှိတဲ့လူတွေ ဖြစ်နိုင်မှာပါ။ ဒါပေမဲ့ ကျွန်မပြောချင်တာက လူကြီးနဲ့ လူငယ် ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာပါ။ လူကြီးတွေချည်းပဲ တော်တယ်လို့ ပြောလို့မရဘူး။ လူငယ်တွေချည်းပဲ ကောင်းတယ်လို့ ပြောလို့မရဘူး။ ကောင်းတဲ့လူကြီးလည်း ရှိတယ်။ ဆိုးတဲ့လူကြီးလည်း ရှိတယ်။ ကောင်းတဲ့ လူငယ်လည်း ရှိတယ်။ ဆိုးတဲ့လူငယ်လည်း ရှိတယ်။ အမျိုးမျိုးပေါ့။ ဒါပေမဲ့ လူငယ်တွေကို ပြုပြင်ပေးဖို့ ပိုပြီးတော့တိုးတက်အောင် ပြုလုပ်ပေးဖို့ လူကြီးတွေရဲ့ တာဝန်ဖြစ်တယ်။ ဒါဟာ တာဝန်ဖြစ်ရုံတင်မကဘဲ အခွင့်အရေး တစ်ခုလည်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်မတို့မှာ ဘာကြောင့် စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်နိုင်တဲ့ အခြေအနေတွေဟာ အားနည်းနေသလဲ။ ဒါတွေကို ကျွန်မတို့က ကြည့်ရမှာ။ ငါဘာလို့ ခေါင်းဆောင် မဖြစ်ရပါလိမ့်ဆိုတာ စဉ်းစားနေရမှာ မဟုတ်ဘူး။ ဒါကြောင့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ချင်လို့ရှိရင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်တစ်ခုက မိတ်ဆွေကောင်းတွေရခြင်းပဲ။ ပူးပေါင်းဆောင်ရွက်ပြီး အတူလုပ်ခဲ့တဲ့ မိတ်ဆွေများဟာ မိသားစု အရင်းအချာထက်တောင် ပိုပြီးတော့ နီးစပ်တယ်။ ပိုပြီးတော့ အားကိုးရတယ်။ ပိုပြီးတော့ တန်ဖိုးရှိတယ်။ ကိုယ့်အပေါ်မှာလည်း ပိုပြီးတော့ နားလည်မှုပေးတယ်။ ဒါကြောင့် လူငယ်များ မိတ်ဆွေကောင်း ရနိုင်ဖို့အတွက် အဲဒီလို အရည်အချင်းတွေ ပြုစုပျိုးထောင်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ ဒါပေမဲ့ ကိုယ်က မိတ်ဆွေကောင်းရဖို့ ကိုယ်ကိုယ်တိုင်က မိတ်ဆွေကောင်း တစ်ဦးရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံမှဖြစ်မယ်။ တစ်ဖက်သတ်နဲ့တော့ မရနိုင်ဘူး။ ကိုယ်ကချည်းယူမယ်။ ကျန်တဲ့သူတွေက ပေးဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးဖို့ ကိုယ့်ဘာသာကိုယ် လုပ်ယူပါ။ ကိုယ့်အားကိုယ်ကိုးပါ။ ပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့စိတ်ရှိပါ။ နောက်ပြီး လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ အခါမှာ ဘက်စုံဆိုတဲ့ စကားကို အလေးထားပြီး စဉ်းစားစေချင်ပါတယ်။ ဘက်စုံအောင် ဘာတွေလိုအပ်မလဲ။ ရုပ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြီးတော့ လူမူရေးအရ ခင်မင်မှု မိတ်ဆွေပိုင်းဆိုင်ရာ ကိစ္စရပ်တွေ အားလုံးနဲ့ ပြည့်စုံမယ် ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ လူငယ်များဟာ နိုင်ငံရဲ့ အကျိုးတင်မကဘဲ ကမ္ဘာတစ်ခုလုံးပေါ် နေထိုင်တဲ့ လူသားများ အကျိုးကို ထမ်းဆောင်နိုင်တဲ့ ပြီးပြည့်စုံတဲ့ လူသားကောင်းတွေ ဖြစ်လာမှာပါ။ အဲလိုဖြစ်လာမယ် ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမယ် ဆိုတာကိုတော့ ထူးထူးထွေထွေ ပြောနေစရာ မလိုတော့ပါဘူး” ဟု လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါပွဲတော်တွင် ပညာရေးကဏ္ဍ၌ မိဘများ လွဲမှားစွာ ပြိုင်ဆိုင်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကလေးတွေက စကတည်းက ပြိုင်ဆိုင်တဲ့ စိတ်ဓာတ်တွေနဲ့ သူ့လွယ်အိတ်ကလှတယ်။ သူ့ကော်မာဘူးက သာတယ်နဲ့ ဒီလိုအရေးမကြီးတဲ့ ဟာတွေအတွက် ပြိုင်ဆိုင်တာတွေ ပေါ်လာတယ်။ အဲဒါတွေကိုတော့ မိဘတွေက ဆင်ခြင်သင့်ပါတယ်။ မိဘတွေက ဒါတွေကို အားမပေးသင့်ပါဘူး။ ကလေးတွေကိုလည်း ဒီဟာတွေက အပေါ်ယံပဲ အနှစ်သာရ မရှိဘူး။ ဒါတွေက အဓိကကျတာ မဟုတ်ဘဲ သာမညတွေပဲ ဆိုတာကို သဘောပေါက်အောင်လို့လည်း လုပ်ပေးရမယ်” ဟု ပြောကြားသည်။

ထို့ပြင် ကလေးငယ်များအား ကမ္ဘာကြီးနှင့် ယှဉ်နိုင်ရန် ပညာသင်ကြားပေးရမည်ဖြစ်ပြီး ယင်းပညာရေးစနစ်မှာ နိုင်ငံသူ နိုင်ငံသားကို ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်စေရန် ဦးတည်နိုင်သော ပညာရေးစနစ် ဖြစ်ရမည်ဖြစ်ပြီး မိမိတို့ပြည်သူများမှာ ယင်းသို့ မှန်ကန်ကောင်းမွန်သော ပညာရေးစနစ် အခွင့်အရေးသာ ရရှိပါက လွန်စွာထူးချွန်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။

ယင်းသို့ သုံးရက်ကြာ ကျင်းပနေသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အတွင်းရှိ လူငယ်အဖွဲ့အစည်း ၁၂ ခုက ကန့်ကွက်သည့် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်ရေးရာကိစ္စရပ်များ ဆွေးနွေးပြောဆိုရန် လူငယ်များရွေးချယ်ရာတွင် အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှ လူငယ်များကို ထည့်သွင်းခြင်း မရှိခြင်း၊ ပွဲတော်တွင် ၀န်ကြီးဌာနများ၏ ပြခန်းများ၊ အရောင်းဆိုင် အများအပြား တွေ့ရှိရသော်လည်း လူငယ်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုပုံရိပ်များကို မတွေ့ရှိရသည်မှာ လွန်စွာဝမ်းနည်းမိပြီး တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများကို မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် အလွှာအသီးသီးမှ လူငယ်အဖွဲ့အစည်းများကို အသိအမှတ်မပြု လျစ်လျူရှုခြင်း၊ ပွဲစီစဉ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း စသည့်အချက်များကြောင့် ပွဲတာဝန်ရှိသူများကို လူငယ်အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချပါသည်ဟု ဖော်ပြထားသည်။

 

August 11, 2018














Copy Protected by Chetan's WP-Copyprotect.