စီရော်နယ်လ်ဒိုရောက်ရှိလာသော်လည်း ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလားရရန် မလွယ်ဟု ကာဆာနို ပြောကြား

စီရော်နယ်လ်ဒိုရောက်ရှိလာသော်လည်း ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလားရရန် မလွယ်ဟု ကာဆာနို ပြောကြား
Published 12 August 2018

Photo: Marca

အီတလီအသင်းတိုက်စစ်မှူးဟောင်း ကာဆာနိုက စီရော်နယ်လ်ဒို ရောက်ရှိလာသော်လည်း ဂျူဗင်တပ်စ်အသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် မလွယ်ကူသေးကြောင်း ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နောက်ဆုံး (၅)ရာသီတွင် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလားကို (၄)ကြိမ်အထိ ရယူနိုင်ခဲ့သလို၊ နောက်ဆုံး(၆)ရာသီဆက် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် အသက် (၃၃)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုကို ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)ဖြင့် ခေါ်ယူခဲ့ပြီးနောက် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ကာဆာနိုက စီရော်နယ်လ်ဒိုရောက်ရှိလာခြင်းကြောင့် ဂျူဗင်တပ်စ်အသင်းမှ စီးရီးအေချန်ပီယံဆုကို ၂၀၂၂ ခုနှစ်အထိ ရရှိမည်ဖြစ်သော်လည်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် လွယ်ကူမည် မဟုတ်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကာဆာနိုက "ဂျူဗင်တပ်စ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံးကစားသမားကို ခေါ်ယူလိုက်တာ တကယ်ကို ကောင်းပါတယ်။ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ စီရော်နယ်လ်ဒိုကို ခေါ်ယူလိုက်တာဟာ ဂျူဗင်တပ်စ်အတွက် ကွင်းအတွင်းမှာရော စီးပွားရေးပိုင်းမှာပါ အကျိုးရှိလာမှာပါ။ စီရော်နယ်လ်ဒို ရောက်ရှိလာတာကြောင့် ဂျူဗင်တပ်စ်ဟာ စီးရီးအေချန်ပီယံဆုကို ၂၀၂၂ ခုနှစ်အထိ သိမ်းပိုက်နိုင်တော့မှာပါ။ စီရော်နယ်လ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်မှာ တစ်ရာသီ ဂိုး(၄၀)လောက် သွင်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ရာသီသစ်မှာ ချန်ပီယံလိဂ်အတွက် ဘာစီလိုနာအသင်းက ရေပန်းအစားဆုံးပါ"ဟု ပြောကြားခဲ့သည်။

Photo: Marca

စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းမှာ ၎င်းငယ်စဉ်ကတည်းက လေးစားအားကျခဲ့သည့်အသင်းဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုက "အားလုံးအဆင်ပြေပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ ကျွန်တော် အရမ်းပျော်နေပါတယ်။ ဂျူဗင်တပ်စ်ဟာ ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းဖြစ်ပြီး ကျွန်တော် ငယ်ငယ်ကတည်းက စောင့်ကြည့်ခဲ့ရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီအသင်းမှာ တစ်နေ့ကစားမယ်လို့ ကျွန်တော် တွေးခဲ့ဖူးပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အီတလီမှာ အကြီးဆုံးဘောလုံးအသင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲ တစ်သင်း ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

 

 

 

 

 

 

 

 

 

Most Read

Most Recent