အလွတ်ကျက် ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး ကိုယ်ပိုင်အတွေးအခေါ်ကို အသုံးပြုနိုင်သည့် ပညာရေးစနစ် ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အလွတ်ကျက် ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး ကိုယ်ပိုင်အတွေးအခေါ်ကို အသုံးပြုနိုင်သည့် ပညာရေးစနစ် ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 12 August 2018

ဓာတ်ပုံ - ဌေးလှအောင်

မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် လက်ရှိအသုံးပြုနေသည့် အလွတ်ကျက်၍ အမှတ်ယူပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး ကိုယ်ပိုင်အတွေးအခေါ်ကို အသုံးပြုနိုင်ခွင့် ရရှိသည့် ပညာရေးစနစ်ကို ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း သြဂုတ် ၁၁ ရက် နံနက်ပိုင်းက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ ဖြိုးရေးပွဲတော် စာပေစကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ်တွင် သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာ ကျင်းပလျက်ရှိသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ပြီးနောက် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း ကျင်းပသည့် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူ ကျောင်းသားများနှင့် စာပေစကားဝိုင်းသို့ တက်ရောက်ဆွေးနွေး ပြောကြားခဲ့သည်။

ပညာရေးလောကတွင် ကျောင်းသားအများစုမှာ အလွတ်ကျက်စနစ်ကို ပျင်းရိနေကြပြီး ကျောင်းသူအများစုမှာ ဆရာများ၏ စကားကို နားထောင်ကာ အလွတ်ကျက်မှတ်ခဲ့သဖြင့် စာမေးပွဲတွင် အမှတ်အများဆုံး ရရှိကြကြောင်း၊ ယင်းစနစ်ကြောင့် အခြေခံပညာ အထက်တန်းကျောင်းကို ပြီးဆုံးသည့်တိုင် တက်ရောက်သင်ကြားခြင်း မရှိသည့် ယောကျ်ားလေးဦးရေ မြင့်တက်လာကြောင်း၊ ယင်းသို့ မြင့်တက်လာမှုမှာ နိုင်ငံအတွက် မကောင်းနိုင်ကြောင်း၊ တက္ကသိုလ်ပညာရေးကို ဆက်လက်မသင်ယူလိုသူများ အနေဖြင့် ဘဝအာမခံချက် ရှိနိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များအား ဆက်လက် သင်ယူစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ပညာရေးလောကမှာ ယောကျ်ားလေးတွေကို ပိုမိုပြီးတော့ ပညာရေးကို စိတ်ဝင်စားလာအောင်နဲ့ ထွန်းတောက်လာဖို့ ဘာတွေလုပ်ဖို့ လိုနေလဲဆိုတာကို သိချင်တယ်။ မိန်းကလေးတွေ အားလုံးကတော့ အလွတ်ကျက်တယ်။ မိန်းကလေးတွေကတော့ စကားနားထောင်တယ်။ အလွတ်ကျက်ဆို ကျက်လိုက်တာပဲ။ အဲဒီတော့ စာမေးပွဲတွေမှာ အမှတ်တွေ အများကြီးရတယ်။ ယောကျ်ားလေးတွေက အလွတ်ကျက်ရမှာ ပျင်းကြတယ်။ အဲဒီတော့ အထက်တန်းကျောင်းကို ပြီးအောင် မသင်တဲ့ ယောကျ်ားလေးနှုန်းက တက်လာတယ်။ အဲဒီဟာက ကျွန်မတို့နိုင်ငံအတွက် မကောင်းဘူး။ ဒါကြောင့်မို့လို့ တက္ကသိုလ်ပညာ မသင်တောင်မှ အသက်မွေးဝမ်းကျောင်း ပညာတွေကို သင်ယူစေချင်တယ်။ ပိုပြီးတော့ အားပေးချင်တယ်။ တက္ကသိုလ် ပရိဝုဏ် အတွင်းမှာ လာပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာတွေကို အားပေးပါတယ်လို့ ပြောနေရတာ အားမနာတမ်း ပြောသလိုဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်၊ နိုင်ငံရဲ့ လိုအပ်ချက်တွေအရ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို အားပေးရမယ်။ ဒီဟာက ကမ္ဘာ့ရေစီးကြောင်းပဲ။ တက္ကသိုလ်ပညာဆိုတာ လက်တွေ့ကျကျ သုံးနိုင်တာရှိတယ်။ မသုံးနိုင်တာလည်းရှိတယ်။ ဥပမာဆိုရရင် ကျွန်မဟာ သမိုင်းကို အင်မတန် စိတ်ဝင်စားတယ်။ သမိုင်းကို မြတ်နိုးတယ်။ သို့သော်လည်း သမိုင်းဆရာ၊ ဆရာမတွေ ဆိုတာကလည်း အများကြီး ထုတ်လို့မရဘူး။ ဒါကြောင့် သမိုင်းပညာရပ်ကို ယူမယ်ဆိုရင် ဘယ်လို အသက်မွေးဝမ်းကျောင်းအတွက် ဘယ်လိုအထောက်အကူ ပြုနိုင်မလဲလို့ မေးလို့ရှိရင် သမိုင်းဆရာတွေတောင် အဖြေပေးဖို့အတွက် နည်းနည် ခက်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် လက်တွေ့ကျကျ ကိုယ့်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး လိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျောင်းတွေကို ကျွန်မတို့ အားပေးချင်တယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လက်ရှိကျင့်သုံးလျက်ရှိသည့် တက္ကသိုလ် ပညာရေးစနစ်ကိုပါ အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ လက်ရှိနိုင်ငံ၏ တက္ကသိုလ် ပညာရေးစနစ်များတွင် သုတေသနပိုင်း ဆိုင်ရာများ၌ လွန်စွာအားနည်းသွားကြောင်းနှင့် တက္ကသိုလ်ကျောင်းများတွင် ကျောင်းသူ ကျောင်းသား အချိုးညီ မျှစေချင်ကြောင်း ပြောကြားသည်။

“တစ်ချိန်တည်းမှာပဲ တက္ကသိုလ်ပညာရေးကို အဆင့်မြှင့်စေချင်တယ်။ တက္ကသိုလ် ပညာရေးမှာဆိုရင် အထူးသဖြင့် သုတေသန ဘက်မှာပေါ့။ ဒီနိုင်ငံဟာ အဲဒီဘက်မှာ အင်မတန်မှ အားနည်းသွားတယ်။ တက္ကသိုလ်ကို ရောက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဆိုရင်လည်း အမျိုးသမီးတွေနဲ့ အမျိုးသားတွေ မျှစေချင်တယ်။ အခုကျတော့ မိန်းကလေးတွေက များများလာပြီးတော့ ယောကျ်ားလေးတွေက တက္ကသိုလ်သွားတဲ့ဘက်မှာ နည်းနည်းလာတယ်။ အဲဒီလိုနည်းလာလို့ အသက်မွေးဝမ်းကျောင်း ပညာဘက်ကို သွားရင်တော့ ကျေနပ်တယ်။ ဒါပေမဲ့ အဲဒီလိုလည်း မဟုတ်ဘူး။ အဲဒီတော့ ကျောင်းဆက်မနေတော့တဲ့ ကလေးတွေအတွက် အများကြီး စိတ်ပူရတယ်။ လက်ဖက်ရည်ဆိုင် ရောက်သွားသလား။ အရက်ဆိုင်ကို ရောက်သွားသလား။ အဲဒီလိုဟာမျိုးတွေ စဉ်းစားရတယ်။ စိတ်မလေသွားစေချင်ဘူး။ လူငယ်တွေ စိတ်လေသွားလို့ရှိရင် ကျွန်မတို့နိုင်ငံ အတွက်လည်း ဆုံးရှုံးမှုဖြစ်တယ်။ လူငယ်တွေ အတွက်လည်း ဘဝဆုံးရှုံးတာတွေ ဖြစ်နိုင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အလွတ်ကျက်ဖြေ ပညာရေးစနစ်ကို ပြောင်းလဲရမည်ဖြစ်ကာ အလွတ်ကျက်မှတ်၍ ဖြေဆိုပြီး အမှတ်ရရှိသည်ဆိုသည့် စနစ်တစ်ရပ်ကို ပြောင်းလဲရမည် ဖြစ်ကြောင်းနှင့် ကိုယ်ပိုင်အတွေးအခေါ်ကို အသုံးချပိုင်ခွင့် ရရှိသည့် စနစ်တစ်ရပ်ကို ပြုစုပျိုးထောင်သွားရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ယောကျ်ားလေးတွေ အနေနဲ့ အတန်းပညာမှာရော အသက်မွေးဝမ်းကျောင်း ပညာမှာရော စိတ်ပါဝင်စားစွာနဲ့ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေလောက် မထက်လို့ မဟုတ်ဘူးနော်။ စိတ်ပါဝင်စားမှုနည်းလို့ မိန်းကလေးတွေလောက် အမှတ်မများတာပေါ့။ အလွတ်ကျက်တာလည်း ဝါသနာ မပါလို့ပေါ့။ အလွတ်ကျက်တယ်ဆိုတဲ့ ဒီစနစ်ကိုလည်း ပြောင်းရမယ်။ အလွတ်ကျက်ပြီးမှ အမှတ်ရတယ်ဆိုတဲ့ စနစ်ကိုတော့ ပြောင်းရမယ်။ ကိုယ့်အတွေးအခေါ်ကို သုံးပိုင်ခွင့်ပြုတဲ့ စနစ်မျိုးကို ပြုစုပျိုးထောင်ရမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မန္တလေးတက္ကသိုလ်အတွင်း ကျင်းပလျက်ရှိသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို သြဂုတ် ၁၁၊ ၁၂၊ ၁၃ ရက် သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပွဲတော်အတွင်း အပန်းဖြေ အားကစားပြိုင်ပွဲများ၊ သရုပ်ပြ အားကစားနည်းများ၊ စာအုပ်အရောင်းပြခန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းပြခန်း၊ အသိပညာပေး ပြခန်းများ၊ အသိပညာပေး ဆွေးနွေးပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် အခြားစိတ်ဝင်စားဖွယ်ရာ အစီအစဉ်ပေါင်းများစွာ အပါအဝင် စတုဒိသာ ကျွေးမွေးခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

 

Most Read

Most Recent