<

နခွန်ပထုန်မြို့နယ်ရှိ စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့် လုပ်သားများအား ထိုင်းပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးပြီး အထောက်အထား မပြည့်စုံသော မြန်မာအလုပ်သမား ၃၀ ကျော်ကို အရေးယူ

နခွန်ပထုန်မြို့နယ်ရှိ ပလတ်စတစ်စက်ရုံရှိ အလုပ်သမားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးနေစဉ်

ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်ရှိ ပလပ်စတစ် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများအား ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ အလုပ်သမားရေးဌာန၊ ထိုင်းစစ်တပ်နှင့် ထိုင်းလ၀ကအဖွဲ့စုံ ပူးပေါင်းအဖွဲ့က သြဂုတ် ၁၀ ရက်က ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သား ၃၈ ဦးကို အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားများအနက် မြန်မာလုပ်သားများ ၄၅၀ ကျော်ရှိပြီး ၎င်းတို့အား နေထိုင်ခွင့် ဗီဇာ၊ ပတ်စ်ပို့နှင့် အခြားအထောက်အထားများကို အဓိကထား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အထောက်အထား မပြည့်စုံသည့် အလုပ်သမား ၃၈ ဦးကို စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ထိုင်းအလုပ်အကိုင်ဌာနမှ တာဝန်ရှိသူများက အဆိုပါ အလုပ်သမားများမှာ ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ဥပဒေကို ချိုးဖောက်ပြီး တရားမ၀င် အလုပ်လုပ်ကိုင် နေသည့်အတွက် အရေးယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အခုနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို စစ်ဆေးဖမ်းဆီးတာတွေ ခပ်စိပ်စိပ် ပြန်တွေ့လာရပါတယ်။ ထိုင်းလူငယ် ၁၃ ယောက် ဂူထဲပိတ်မိတဲ့ ကာလတုန်းက သိပ်မစစ်ဆေးဘဲ လွှတ်ထားတယ်။ အခုအဲဒီကိစ္စ ပြီးသွားမှ ပြန်စစ်ဆေး ဖမ်းဆီးတာတွေ ပိုများလာတဲ့သဘော ရှိပါတယ်။ အခုဖမ်းဆီးခံထိထားတဲ့ အလုပ်သမားတွေထဲက အတော်များများက ရောက်တာမကြာသေးတဲ့အတွက် အလုပ်ရှင်နာမည် မပြောင်းရသေးတာတွေ၊ အလုပ်နေရာ မပြောင်းရသေးတာတွေ၊ အလုပ်လုပ်ခွင့်ပါမစ် မရှိသေးတာတွေပါတယ် လို့သိရပါတယ်” ဟု ကိုရဲမင်းက ဆိုသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး အက်ဥပဒေအရ မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမားများမှာ ဥပဒေအရ ဒဏ်ငွေဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့် နှစ်နှစ်ပိတ်ပင်ခံရမည်ဖြစ်သည်။

အလုပ်သမားနှင့် အလုပ်ရှင်များကို စတင်စိစစ်စစ်ဆေးသည့် ဇူလိုင် ၁ ရက်မှ ၁၅ ရက်အတွင်း အလုပ်ရှင် စုစုပေါင်း ၁၅၆ ဦးကို တရားမ၀င် အလုပ်သမားများ ခိုင်းစေမှုဖြင့် အရေးယူထားကြောင်း ထိုင်းအလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Anurak Tossarat  က ပြောကြားထားပြီး ယင်းပမာဏမှာ စစ်ဆေးခဲ့သည့် လုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

August 11, 2018














Copy Protected by Chetan's WP-Copyprotect.