ချင်းတွင်းမြစ်ရေကြီးမှုကြောင့် အထက်ပိုင်းဒေသသို့ သုံးရက်ကြာ ရပ်နားထားသည့် အမြန်ရေယာဉ်များ အားလုံး ပြန်လည်ပြေးဆွဲခွင့်ပြု

ချင်းတွင်းမြစ်ရေကြီးမှုကြောင့် အထက်ပိုင်းဒေသသို့ သုံးရက်ကြာ ရပ်နားထားသည့် အမြန်ရေယာဉ်များ အားလုံး ပြန်လည်ပြေးဆွဲခွင့်ပြု
Published 12 August 2018

ချင်းတွင်းမြစ်တွင်းသွား ရေယာဉ်များကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ရေကြီးမှုကြောင့် အထက်ပိုင်းဒေသသို့ သုံးရက်ကြာ ရပ်နားထားသည့် အမြန်ရေယာဉ်များအားလုံး ပြန်လည်ပြေးဆွဲခွင့်ပြုထားကြောင်း တိုင်းဒေသကြီး ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဦးအာကာမြင့်က ပြောကြားသည်။

အဆိုပါ အမြန်ရေယာဉ်များအားလုံး ပြေးဆွဲခွင့်ကို သြဂုတ် ၁၀ ရက်ကတည်းက အထက်ပိုင်းဒေသသို့ ပြေးဆွဲခွင့်အားခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ် ၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ကမ်းတစ်လျှောက် မြို့နယ်အများအပြားမှာ စိုးရိမ်ရေမှတ်သို့ ရောက်လာနေခြင်းကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် အမြန်ရေယာဉ်များအား ရက်အကန့်အသတ်မရှိ ပြေးဆွဲမှုကို ရပ်နားခဲ့ခြင်းဖြစ်သည်။

“ချင်းတွင်းမြစ်ရေက ပြန်ကျသွားတဲ့အတွက် ဒီကနေ့ပဲ အမြန်ရေယာဉ်တွေအားလုံးကို ပြန်လည်ပြေးဆွဲခွင့် ပေးလိုက်တယ်။ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်ကတော့ ချင်းတွင်း မြစ်ထဲမှာ ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေ အားလုံးကို အားလုံးရဲ့ သဘောတူညီချက်နဲ့ ရက်အကန့်အသတ်မရှိ ရပ်နားခဲ့တာ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအာကာမြင့်က ဆက်လက်ပြောကြားသည်။

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ၏ ခရီးစဉ်များသည် မုံရွာ -ကနီ-မင်းကင်း-ဖောင်းပြင်-မော်လိုက်-ကလေးဝ-ဟုမ္မလင်း-ခန္တီးနှင့် နမ့်တောခရီးစဉ်များ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent