ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးစခန်းရှစ်ခု ကျန်ရှိနေသေး

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးစခန်းရှစ်ခု ကျန်ရှိနေသေး
Published 12 August 2018

ရေဘေးကယ်ဆယ်ရေး စခန်းများအား ထောက်ပံ့ကူညီရန် တာဝန်ရှိသူများ စီစဉ်ဆောင်ရွက်နေစဉ်

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ရှစ်ခုကျန်ရှိနေသေးပြီး နေရပ်ပြန်သွားသူများ အတွက်လည်း ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ရှိခဲ့သည့် စာရင်းအတိုင်း ဒုတိယအကြိမ် အလှူငွေနှင့် ပစ္စည်းများ ထပ်မံပေးဝေသွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပြောကြားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၉ ရက်ခန့်မှစတင်၍ မြစ်ရေကြီးမှုများကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁ ရက်အထိ ရေဘေးကယ်ဆယ်ရေးစခန်း၂၀၄ ခုထိရှိခဲ့ပြီး အိမ်ခြေ ၂၂၁၆၉ အိမ် ရေကြီးနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၂၂၂၂၆ ခုရှိ လူဦးရေ ၁၀၂၈၀၉ ဦး ရေဘေးသင့်၍ ဒုက္ခရောက်ခဲ့ရကြောင်း သိရသည်။

ရေကြီးနစ်မြုပ်မှုများကြောင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီး၍ ပဲခူးမြို့ ရွှေ မော်ဓောဘုရားခြေရင်းရှိ ဓမ္မဗိမာန်အဆောက် အအုံတွင် ပဲခူးတိုင်းဒေသကြီးရေဘေးကယ် ဆယ်ရေးစခန်းစီမံကွပ်ကဲမှုရုံးကို ဖွင့်လှစ်ခဲ့ပြီး အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် အလှူပစ္စည်း များ ပြည်သူများ၏ အလှူငွေနှင့် အလှူပစ္စည်းများကို ရေဘေးကယ်ဆယ်ရေး စခန်များသို့ သြဂုတ် ၂ ရက်က ပထမအကြိမ် ခွဲဝေထောက် ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြစ်ရေများ ပြန်လည်ကျဆင်းသွား၍ ရေဘေးစခန်းမှ နေရပ်သို့ ပြန်လည်ထွက်ခွာ သွားကြသော်လည်း ပဲခူးတိုင်းဒေသကြီး အတွင်း ဒိုက်ဦးမြို့နယ်တွင် အိမ်ထောင်စု ၄၃ ခု၊ လူဦး ရေ ၂၂၃ ဦး၊ ရေဘေးကယ်ဆယ် ရေး စခန်းနှစ်ခု၊ ရွှေကျင်မြို့နယ်တွင် အိမ် ထောင်စု ၅၂၄ ခု၊ လူဦးရေ ၂၅၇၄ ဦး၊ ရေဘေး ကယ်ဆယ်ရေး စခန်းငါးခု၊ ရွှေတောင်မြို့နယ် တွင် အိမ်ထောင်စု ၂၁ ခု၊ လူဦးရေ ၈၄ ဦး ရေ ဘေးကယ်ဆယ်ရေးစခန်းတစ်ခု စုစုပေါင်း ပဲခူးတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်အိမ် ထောင်စု ၅၈၈ ခု၊ လူဦးရေ ၂၈၈၂ ဦးနှင့် ရေဘေးကယ်ဆယ်ရေးစခန်း ရှစ်ခုရှိနေသေးကြောင်း သိရသည်။

ယခုအခါ ပဲခူးတိုင်းဒေသကြီး ရေဘေး ကယ်ဆယ်ရေးစခန်းကွပ်ကဲမှုရုံးသို့ အလှူငွေနှင့် ပစ္စည်းများ ဆက်လက်ရောက်ရှိနေပြီး ရေဘေးစခန်းတွင် ကျန်ရှိနေသော လူများ နည်းတူ ရေဘေးစခန်းမှ နေအိမ်သို့ ပြန်သွား သူအားလုံးကိုလည်း အညီအမျှခွဲေ၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ရေကြီးနစ်မြုပ်မှု စဖြစ်တာက ပြည်ခရိုင်က စဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ပဲခူး ခရိုင်၊ တောင်ငူခရိုင်တွေမှာ ဖြစ်တာပါ။ အိမ် ထောင်စုက နှစ်သောင်းကျော်နဲ့ လူဦးရေတစ် သိန်းကျော် ရေဘေးဒုက္ခရောက်ခဲ့ပါတယ်။ လာရောက်လှူဒါန်းတဲ့ငွေနဲ့ ပစ္စည်းတွေကို ပထမတစ်ကြိမ် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀၄ ခုက လူတစ်သိန်းကျော်အတွက် လူကယ် ပြန်ဝန်ကြီးဌာနလက်အောက်ကနေ အညီအမျှ ခွဲဝေပေးခဲ့ပါတယ်။ အခုချိန်ထိ အလှူ ငွေသိန်း ၁၅၀၀ ကျော်နဲ့ တန်ဖိုးသိန်း ၅၀၀၀ ကျော်တဲ့အလှူပစ္စည်းတွေကို လက်ခံရရှိခဲ့ပါ တယ်။ အခုဒုတိယအကြိမ် ထပ်ပြီးရေဘေးစခန်း မှာ ကျန်နေတဲ့လူနှစ်ထောင်ကျော်ရော ပြန် သွားတဲ့လူတွေကိုပါ တစ်ပြေးညီ စာရင်းရှိခဲ့တဲ့အတိုင်း ကူညီထောက်ပံ့မှုတွေ လုပ်ပေးသွားမှာပါ။ ပြန်လည်ထူထောင်ရေး အတွက်လည်း အပျက်အစီး စာရင်းတွေ ကောက်ယူနေဆဲပါ။ ဒီလိုကောက်ယူပြီးတဲ့အခါ အဆောက်အအုံ မြစ်ချောင်းတံတား အသီးသီးအတွက် သက်ဆိုင်ရာ ဌာနတွေကနေတစ်ဆင့် ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်မှာပါ။ စာရင်းထဲ မပါတဲ့ ရေဘေးသင့် ပြည်သူတွေလည်း ရှိနေသေးပါတယ်” ဟု ပဲခူးတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၌ မြစ်ရေကြီးခြင်းများ ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များစွာ ရှိနေ၍ တိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးကို ဆက်လက်ထားရှိပြီး အလှူငွေနှင့် ပစ္စည်းများကို လက်ခံနေမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent