မိုးရွာသွန်းမှုများခြင်းကြောင့် စပါးစိုက်ခင်းများ ပျက်စီးခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မှုများခြင်း၊ သိုလှောင်ရုံတွင် စပါးလက်ကျန်နည်းနေခြင်းတို့ကြောင့် ပြည်တွင်းဆန်ဈေး မြင့်တက်နေ

မိုးရွာသွန်းမှုများခြင်းကြောင့် စပါးစိုက်ခင်းများ ပျက်စီးခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မှုများခြင်း၊ သိုလှောင်ရုံတွင် စပါးလက်ကျန်နည်းနေခြင်းတို့ကြောင့် ပြည်တွင်းဆန်ဈေး မြင့်တက်နေ
Published 12 August 2018

ဧရာဝတီတိုင်းဒေသကြီးတွင် စပါးများစိုက်ပျိုးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

မိုးရွာသွန်းမှုများခြင်းကြောင့် စပါးစိုက်ခင်းများ ပျက်စီးခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မှုများခြင်း၊ သိုလှောင်ရုံတွင် စပါးလက်ကျန် နည်းနေခြင်းတို့ကြောင့် ပြည်တွင်းဆန်ဈေး မြင့်တက်နေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“ဆန်က အချောရောအကြမ်းရော နှစ်မျိုးလုံး ဈေးတက်တယ်။ ပေါ်ဆန်းရှယ်တွေ အရင်က တစ်ပြည်ကို ကျပ်၂၅၀၀၊ အခုတော့ ၂၆၀၀ ကျပ်ဈေးဖြစ်သွားပြီ။အကြမ်းတွေလည်း တစ်ပြည်ကို တစ်ရာလောက်တက်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆန်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် သိသိသာသာမြင့်တက်လျက်ရှိသကဲ့သို့ ယခင်လများနှင့်နှိုင်းယှဉ်ပါကလည်း ဆန် ဈေးနှုန်းများ မြင့်တက်နေသည်။

၂၀၁၈ခုနှစ် သြဂုတ်၁၁ရက်နေ့တွင် ဇီယာ ငါးမှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၃၃၀၀ မှ ကျပ်၂၃၅၀၀၊ ဧည့်မထငါးမှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၃၂၀၀ မှ ကျပ်၂၃၃၀၀ဈေး ရှိခဲ့ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၁၈ခုနှစ် ဧပြီ၁၁ရက်က ဇီယာ ငါးမှတ်ဆန်တစ်အိတ်လျှင်ကျပ် ၂၁၃၀၀ မှ ကျပ် ၂၂၀၀၀ ၊ ဧည့်မထငါးမှတ် ဆန်တစ်အိတ် လျှင် ကျပ်၂၁၅၀၀ မှ ကျပ် ၂၁၆၀၀ ရှိခဲ့သည်။

ဇူလိုင်လကုန်ပိုင်းက ဇီယာငါးမှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၁၃၀၀ မှ ကျပ် ၂၂၀၀၀၊ ဧည့်မထငါးမှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၁၅၀၀ ဈေးသာရှိခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းနှင့်လက်ရှိ အချိန်အထိကာလအတွင်း ဇီယာငါးမှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၀၀၀၊ ဧည့်မထငါးမှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၇၀၀ အထိ ဈေးမြင့်တက်ခဲ့သည်။

ဆန်တင်ပို့မှုအနေဖြင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင် ၂၇ ရက်အထိ ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မှု တန်ချိန် ၈ ဒသမ ၀၂ သိန်းကျော် (၈၀၂၂၁၂ ဒသမ ၅၇ တန်) ရှိပြီး တန်ဖိုးဒေါ်လာ ၂၇၇ သန်းကျော် (ဒေါ်လာ ၂၇၇ ဒသမ ၇၇၅ သန်း) ရရှိခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် လေးလနီးပါးကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၅၈၁၇၀ ကျော်၊ နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၄၄၄၀၁၄ ကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ဇူလိုင်လကုန်အထိ ရရှိသောစာရင်းများအရ စိုက်ပျိုးထားသည့်သီးနှံစိုက်ဧက ခုနစ်သိန်းကျော်အထိ ရေနစ်မြုပ်ခဲ့ပြီး ဧကသုံးသိန်းကျော် ပျက်စီးခဲ့ကာ အများစုမှာ နှမ်းနှင့် မိုးစပါးစိုက်ပျိုးထားသည့်မြေများဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန်ဦးမျိုးတင့်ထွန်းက ပြောကြားထားသည်။

ရေဘေးဒဏ် ခံထိခိုက်ပျက်စီးသည့် လယ်ယာမြေများတွင် စပါးအချိန်မီပြန်လည်စိုက်ပျိုးရေးနှင့် အထွက်နှုန်းမထိခိုက် စေရေးအတွက် ကူညီနိုင်မည့်နည်းလမ်းများကို အစိုးရဌာနဆိုင်ရာ၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ညှိနှိုင်းဆောင်ရွက်နေသည်။

Most Read

Most Recent