ပေါင်မြို့နယ် ကျုံကကျေးရွာ ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိ

ပေါင်မြို့နယ် ကျုံကကျေးရွာ ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိ
Published 12 August 2018

ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (Photo : Paung Daily)

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာ ရန်ကုန်-မော်လမြိုင်အဝေးပြေး လမ်းမပေါ်တွင် သြဂုတ် ၁၀ ရက် ညနေငါးနာရီခန့်က ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားရာမှ တစ်ဦးသေဆုံးပြီး ခြောက်ရက်သား ကလေးငယ်တစ်ဦး အပါအဝင် ၁၂  ဦးတွင် စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပေါင်မြို့နယ် ကျုံကကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ မိုင်တိုင်အမှတ် (၁၇၇/၅) နှင့် (၁၇၇/၆) ကြားတွင် ပေါင်မြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ YGN – 2I/---- နံပါတ်တပ် DOND FENG LIGHT  အမျိုးအစား အနီရောင် မော်တော်ယာဉ်မောင်းနှင်သူ ပဲခူးတိုင်းဒေသကြီး အင်းတကော်ကျေးရွာ၊  အမှတ် (၅) ရပ်ကွက်နေ ယာဉ်မောင်း နောင်နောင် (၂၅ နှစ်) သည် ယာဉ်အတွင်းရှိ သောက်ရေသန့်ဘူး ယာဉ်ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသောကြောင့် ကောက်ယူခဲ့ရာ ၎င်းယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်ယာဉ်ကြောရှိ မော်လမြိုင်ဘက်မှ ပေါင်မြို့ဘက်သို့ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ခလောက်အင်း ရပ်ကွက်နေ နေမျိုးသူ (၃၄ နှစ်) မောင်းနှင်လာသော BGO – 1P/---- DAIHATSU HIJET အမျိုးအစား အဖြူရောင်ယာဉ်အား ဝင်တိုက်မိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် YGN – 2I/---- နံပါတ်တပ် DOND FENG LIGHT  ယာဉ်မောင်း နောင်နောင်တွင် ဝဲခြေညိုဖူးရောင်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ BGO – 1P/---- DAIHATSU HIJET ယာဉ်မောင်း နေမျိုးသူနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ဖြစ်ကြသော ပေါင်မြို့နယ် ဇင်းကျိုက်မြို့၊ ခလောက်အင်း ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြသည့် မစုမွန်အောင်၊ မိမြတ်ဖြူစင်မွန် (၇ နှစ်)၊ မအိမွန်အောင် (၃၂ နှစ်)၊ မစန်းေ၀ (၃၉နှစ်)၊ မနွယ်နွယ်စိုး (၃၀ နှစ်)၊ ဒေါ်ကြည်အေး (၅၃ နှစ်)၊ မစု နန္ဒာလင်း (၁၉ နှစ်)၊ မချောစုလင်း၊ မမိငယ် (၃၂ နှစ်)နှင့် ခြောက်ရက်သား အရွယ် ယောကျ်ားလေးတစ်ဦးတို့တွင် စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး အ တွင်း လူနာများအဖြစ် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးသို့တင်ပို့ဆေးကုသမှုပေးထား ကြောင်းနှင့် ဒေါ်ခင်အေး (၄၃ နှစ်) မှာ ဦး ခေါင်းညာဘက် ချိုစောင်းပေါက်ပြဲ ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“DOND FENG LIGHT  ယာဉ်မောင်းဖြစ်တဲ့ နောင်နောင်ကိုတော့ ဖမ်းဆီးရမိထားပါတယ်။ နောက်ပြီး သူ့ကိုလည်း ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ လူသေဆုံးစေမှုတွေနဲ့လည်း အမှုဖွင့် အရေးယူ ထားပါတယ်” ဟု ပေါင်မြို့နယ် မုတ္တမမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောအား ဝင်ရောက်တိုက်မိ၍ လူအများ ဒဏ်ရာရရှိ၊ သေဆုံးအောင် ပြုလုပ်ခဲ့သူ နောင်နောင်အပေါ် မုတ္တမနယ်မြေ ရဲစခန်းမှ ယာဉ် (ပ) ၂၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent