ကချင်ပြည်နယ်တွင် ခြောက်နှစ်ကျော်အတွင်း မိုင်းပေါက်ကွဲမှု ၄၃၁ ကြိမ်ဖြစ်ပွားပြီး အရပ်သား ဒဏ်ရာရသူ ၄၇၆ ဦးနှင့် သေဆုံးသူ ၁၁၇ ဦးရှိ

ကချင်ပြည်နယ်တွင် ခြောက်နှစ်ကျော်အတွင်း မိုင်းပေါက်ကွဲမှု ၄၃၁ ကြိမ်ဖြစ်ပွားပြီး အရပ်သား ဒဏ်ရာရသူ ၄၇၆ ဦးနှင့် သေဆုံးသူ ၁၁၇ ဦးရှိ
Published 28 August 2017

ကချင်ပြည်နယ်တွင် ခြောက်နှစ်ကျော် ကာလအတွင်း မိုင်းပေါက်ကွဲမှု ၄၃၁ ကြိမ်ဖြစ်ပွားပြီး အရပ်သား ဒဏ်ရာရသူ ၄၇၆ ဦးနှင့် သေဆုံးသူ ၁၁၇ ဦးရှိကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

မိုင်းပေါက်ကွဲမှုများမှာ ကိုယ်တိုင်မိုင်းထောင်စဉ် ပေါက်ကွဲမှုများ၊ ရထားလမ်း၊ ကားလမ်း၊ အစိုးရအ ဆောက်အအုံများနှင့် ဒေသခံများ၏ တောတောင်အနီး လုပ်ငန်းခွင်များတွင် နင်းမိပေါက်ကွဲမှုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးထွန်းဦးက ပြောကြားသည်။

ကချင်ပြည်နယ်ရဲမှူးကြီး ထွန်းဦးက “ရဲဌာနမှာရောက်တဲ့ မှတ်တမ်းက အစိုးရအုပ်ချုပ်မှု လက်လှမ်းမီသမျှသာ ဖြစ်ပါတယ်။ တောထဲ တောင်ထဲမှာကွဲပြီး စာရင်းမရောက်ခဲ့တာတွေလည်း အများကြီး ကျန်ပါသေးတယ်။ ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်အထိဆိုရင် သေဆုံးသူ ၁၁၇ ဦး၊ ဒဏ်ရာရသူပေါင်း ၄၇၆ ဦးအထိ ရှိသွားပါပြီ။ တံတားအစင်းပေါင်း ၈၄ စင်းလည်း မိုင်းကြောင့် ပျက်စီးသွားတယ်။ စာရင်းတွေကတော့ ကိုယ်တိုင်ထောင်ပြီး ကွဲတာလည်းရှိတယ်။ တောတောင်ထဲသွားရင်း နင်းမိကြတာလည်း ရှိပါတယ်။ ထောင်တာကတော့ တပ်မတော်ကိုပဲ။ ဒါပေမဲ့ တပ်မတော်က မိုင်းအသိရှိတယ်။ ဒေသခံတွေက ဘာမှသိကြတာ မဟုတ်တော့ တပ်ထက်စာရင် အရပ်သားတွေအထိ များတာပေါ့။ မိုင်းကွဲတာကို ပေါက်ကွဲအက် (၃)နဲ့ အမှုဖွင့်တာလည်း ရှိတယ်။ ထောင်ဒဏ် ၁၀ နှစ် အနည်းဆုံးပေါ့။ ပေါက်ကွဲအက် (၅) ကတော့ မပေါက်ကွဲခင် မိတာပေါ့။ ထောင်ဒဏ်ခုနစ်နှစ် အနည်းဆုံး ရှိပါတယ်။ အခုတော့ လျှပ်စစ်ပစ္စည်းတွေ အသုံးများတဲ့ ခေတ်ဆိုတော့ မိုင်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို စနစ်တကျ ထိန်းချုပ်ဖို့ လိုပါတယ်။ မိုင်းအန္တရာယ် ဘယ်လောက်များလဲဆိုရင် အခုသြဂုတ်လထဲမှာ စုစုပေါင်း ဒဏ်ရာရသူ ၁၄ ဦးထဲမှာ ခြောက်ဦးသေပါတယ်” ဟု ပြောကြားသည်။

သြဂုတ်လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးခြေထောက်ဖြတ်ရသည့် ဆင်ဘိုဒေသမှ ဦးမျိုးဝင်းက “တစ်နေ့က ဒေါ်ပွဲလွန် (၆၈ နှစ်) ကျွဲကျောင်းသွားရင်းဖြစ်တယ်။ ဘယ်ခြေဖြတ်ရတယ်။ တခြားနေရာတွေရောပဲ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တောထဲမှာ ပွဲညက်သွားရှာတဲ့ တာဟိုးနာက ကျော်မင်းလေးကတော့ တစ်ကိုယ်လုံး စုတ်ပြတ်ကုန်တာ ရုပ်ကိုမနည်း ဖမ်းယူရတယ်။ ၂၀၁၇ ခုနှစ် နှစ်ဝက်ထဲမှာ ဆင်ဘိုမှာ ငါးဦးမှာ တစ်ဦးသေတယ်။ ဒီဒေသကလူတွေ တောတောင်နဲ့ အသက်မွေးကြရတာ ခက်ကုန်တာပေါ့။ ဘာမှလည်း မလုပ်တတ်ဘူးလေ” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုးကောင်းမြို့နယ် လွဲစွန်းကျေးရွာမှ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် မိုးညှင်းမြို့ပေါ်မှ တစ်ဦးမြေမြှုပ်မိုင်းနင်းကာ သေဆုံးခဲ့ကြောင်း၊ ဧပြီ ၁၉ ရက်ကလည်း  ဗန်းမော်ခရိုင် မံစီမြို့အနီး တောင်ယာလုပ်ငန်းခွင်၌ မိုင်းပေါက်ကွဲမှုကြောင့် မောင်နှစ်မနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုများကြောင့် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ တောင်သူများနှင့် ဆင်ဘိုကျေးရွာမှ တောင်သူများက တောင်ကြောအနီးရှိ လယ်ကွင်းများမှာ လယ်ဧကရာနှင့် ချီစွန့်လွှတ်ခဲ့ရပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးသို့ မိုင်းများရှင်းလင်းပေးရန် ၂၀၁၅ ခုနှစ်အတွင်းက ဒေသခံများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

 

Most Read

Most Recent