<

ရာသီအဖွင့်ကို နိုင်ပွဲနဲ့စတင်နိုင်ခဲ့တဲ့ မန်ယူ

■ မန်ယူ ၂-၁ လက်စတာ

မန်ယူအသင်းအတွက် ဒုတိယအနိုင်ဂိုးကို လုခ်ရှော သွင်းယူနေစဉ် (Photo: Daily Mail)

ဒီနေ့ပွဲမှာ မန်ယူအသင်းဟာ လက်စတာအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာရအောင်မကစားနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင် (၃)မှတ်ကိုတော့ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုက အထောင်တိုက်စစ်မှူးအဖြစ် ရပ်ရှ်ဖို့ဒ်ကိုအသုံးပြုခဲ့သလို တောင်ပံတိုက်စစ်နေရာတွေမှာ ဆန်းချက်ဇ်နဲ့ မာတာတို့ကို အသုံးပြုခဲ့ပါတယ်။

ကွင်းလယ်မှာတော့ ကစားသမားသစ် ဖရက်ဒ်၊ လူငယ်ကစားသမား ပယ်ရေရာနဲ့ ပေါ့ဘာပါဝင်ခဲ့ပြီး ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့တာပါ။

လက်စတာအသင်းကလည်း ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဒီနွေရာသီမှာ ခေါ်ယူခဲ့တဲ့ မက်ဒီဆန်ကို No.10 Role နေရာမှာကစားစေခဲ့သလို ဂရေး၊ ရီကာဒိုပယ်ရေရာ၊ အီဟီယန်နာချိုတို့ကို ပွဲထွက်စေခဲ့ပါတယ်။

ဒီပွဲမှာ လက်စတာအသင်းက ဘောလုံးပိုင်ဆိုင်မှု (၅၄)ရာခိုင်နှုန်းအထိရှိခဲ့ပေမယ့် မန်ယူခံစစ်ကိုတော့ ထိရောက်တဲ့ ခြိမ်းခြောက်မှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပထမပိုင်း ပွဲချိန်(၂၈)မိနစ်မှာ မက်ဒီဆန်ရဲ့ အပိုင်ကန်သွင်းချက်ကို မန်ယူဂိုးသမား ဒီဟေးယား ကာကွယ်နိုင်ခဲ့ပြီး အဲ့နောက်ပိုင်းမှာတော့ လက်စတာအသင်း အခွင့်အရေးတွေ သိပ်မရရှိတော့ပါဘူး။

မန်ယူအသင်းမှာ အကောင်းဆုံးပုံစံပြခဲ့သူက နောက်ခံကစားသမား ဘာယီဖြစ်ပြီး လက်စတာတိုက်စစ်ကစားသမားတွေကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်လမ်းကြောင်းတွေမှာ ဆန်းချက်ဇ်ရဲ့ Pass တွေ အပျက်များခဲ့တာကြောင့် တိုက်စစ်ပိုင်းက ထင်သလောက်ခရီးမပေါက်ခဲ့သလို ရပ်ရှ်ဖို့ဒ်ရဲ့ထိုးဖောက်မှုတွေကလည်း အရာမထင်ခဲ့ပါဘူး။

လက်စတာအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ဗာဒီခေါင်းတိုက်သွင်းယူနေစဉ် (Photo:AFP)

ဒုတိယပိုင်းမှာ လက်စတာတောင်ပံကစားသမား ဂရေးရဲ့ပိတ်သွင်းမှုကို ဒီဟေးယားကာကွယ်နိုင်ခဲ့သလို မန်ယူအသင်းရဲ့လူစားဝင်ကစားသမား လူကာကူရဲ့အပိုင်ကန်ချက်ကိုလည်း ရှမိုက်ကယ် တားဆီးသွားခဲ့ပါတယ်။

မန်ယူအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၃)မိနစ်မှာ ပယ်နယ်တီက တစ်ဆင့် ပေါ့ဘာက သွင်းယူခဲ့သလို ပွဲချိန်(၈၃)မိနစ်မှာ နောက်ခံလူ လုခ်ရှောက ထောင့်ဖြတ်အနေအထားကနေသွင်းယူခဲ့ပြီး လက်စတာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန်(၉၀+၂)မိနစ်မှာ လူစားဝင်လာတဲ့ ဗာဒီက အနီးကပ်ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် (၂၁)ရာစုအတွင်း မန်ယူအသင်းဟာ လက်စတာအသင်းကို အိမ်ကွင်းမှာလက်ခံကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၈)ပွဲမှာ (၇)ပွဲအထိအနိုင်ရခဲ့တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

August 11, 2018














Copy Protected by Chetan's WP-Copyprotect.