KNU/KNLA (PC) အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ စောမျိုးကျော် ဦးစီး အင်အား ၁၃ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်

KNU/KNLA (PC) အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ စောမျိုးကျော် ဦးစီး အင်အား ၁၃ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်
Published 11 August 2018

KNU/KNLA (PC) အဖွဲ့၊ ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနမှ ဗိုလ်ကြီးအဆင့်ရှိ စောမျိုးကျော် ဦးစီးအင်အား ၁၃ ဦးသည် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်ကလည်း KNU/KNLA (PC)  အဖွဲ့၊ ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနမှ ဒုတိယတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ စောဒွေးအောင်ဦးစီးအင်အား ၂၃ ဦးသည် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇူလိုင် ၁၈ ရက်က ဥပဒေဘောင်အတွင်း ဝင်ရောက်သော  ဗိုလ်မှူးအဆင့်ရှိ စောဒွေးအောင် ဦးစီးအဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိ စောမျိုးကျော် ဦးစီးအင်အား ၁၃ ဦးသည် သာမန်ပြည်သူဘဝဖြင့် အေးချမ်းစွာနေထိုင်လိုခြင်း၊ မိသားစုဘဝတိုးတက်ရေးအတွက် ဥပဒေနှင့်အညီ လွတ်လပ်စွာဆောင်ရွက်လိုခြင်းတို့ကြောင့် သြဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ဘားအံမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ ၎င်းတို့ကိုင်ဆောင်သော လက်နက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်၍ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ဗိုလ်ကြီးအဆင့်ရှိ စောမျိုးကျော် ဦးစီးအဖွဲ့အား ဘားအံမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမတွင် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ် မြင့်ကျော်ထွန်းတို့က နွေးထွေးစွာကြိုဆို၍ အမှာစကားပြောကြားပြီး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လက်ခံခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent