<

ဆေးကုသမှုခံယူရလျက်ရှိသည့် ချမ်းမြေ့မောင်ချိုအား Grand Final ပြိုင်ပွဲစတင်ချိန်အထိ လာရောက်ယှဉ်ပြိုင်ရန် စောင့်ဆိုင်းမည်ဖြစ်ပြီး မယှဉ်ပြိုင်နိုင်ပါက ကျန်ရှိသူ ဖြိုးမြတ်အောင်အား Winner ဆုပေးအပ်မည်

Myanmar Idol တာဝန်ရှိသူများ သတင်းစာရှင်းလင်းစဉ်

ဆေးကုသမှုခံယူရလျက်ရှိသည့် Myanmar Idol Season 3 Top 2 Finalist ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုအား သြဂုတ်လ ၁၁ ရက်တွင် ကျင်းပမည့် Grand Final ပြိုင်ပွဲကျင်းပချိန်အထိ လာရောက်ယှဉ်ပြိုင်ရန် စောင့်ဆိုင်းသွားမည်ဖြစ်ကာ ကျန်းမာရေး အခြေအနေအရ လာရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါက ပြိုင်ပွဲအားရွှေ့ဆိုင်းမည်မဟုတ်ဘဲ ကျန်ရှိသူ ဖြိုးမြတ်အောင်ကို Winner ဆုပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဆေးကုသမှုခံယူရလျက်ရှိသည့် ချမ်းမြေ့မောင်ချိုအနေဖြင့် ကျန်းမာရေး အခြေအနေမှာ အတန်ငယ်သက်သာလာပြီဖြစ်ကာ ပြိုင်ပွဲတွင်ဆက်လက်ယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်းနှင့် ပြိုင်ပွဲအတွက်လေ့ကျင့်မှုများအား ဆေးရုံတွင်တတ်အားသရွေ့ လုပ်ဆောင်လျက်ရှိကြောင်းလည်း Vocal Coach တစ်ဦးဖြစ်သူ ဥက္ကာဦးသာက ဖြည့်စွက်ပြောကြားခဲ့သည်။

“ဒီပြိုင်ပွဲက ရှစ်လတာမျှ ကျင်းပခဲ့တဲ့ ပြိုင်ပွဲဖြစ်သလို ပြိုင်ပွဲဝင်တစ်သောင်းကျော်ကနေ အဆင့်ဆင့်ရွေးချယ်ခဲ့တဲ့ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဆန်ခါတင် ၁၁ ဦးလုံးကလည်း အရည်အချင်းကိုယ်စီရှိကြသလို သူတို့ရည်မှန်းတဲ့ပန်းတိုင်အတွက် အစွမ်းကုန်ကြိုးစားကြပြီး ဖိစီးမှုတွေရှိကြတာလည်းအမှန်ပါပဲ။ အခုလိုနောက်ဆုံးအဆင့်ပြိုင်ပွဲရောက်ခါမှ ချမ်းမြေ့မောင်ချိုအနေနဲ့ ကျန်းမာရေးထိ ခိုက်ခံစားရတာကိုလည်း တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်နှစ်ယောက်လုံးကို ဇာတိနေရာတွေဆီခေတ္တပြန်စေခဲ့ရာမှာ camp ကိုပြန်ရောက်ချိန်မှာ နှစ်ယောက်လုံး ကျန်းမာရေးထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဆေးကုသမှုခံယူရင်း ဖြိုးမြတ်အောင်က ပြန်လည်ကောင်းမွန်လာပေမယ့် မောင်ချိုကတော့ ပိုမိုဆိုးရွားလာပြီး ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဖြစ်တဲ့အတွက် Grand Final  ပြုလုပ်မယ့်ရက်ကိုလည်း ပွဲစတင်ကတည်းက သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ပြိုင်ပွဲဝင်အနေနဲ့လာရောက် ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ လာ ရောက်ယှဉ်ပြိုင်ဖို့ကိုလည်း Myanmar Idol တစ်ဖွဲ့လုံးကမျှော်လင့်နေသလို Grand Final ပြိုင်ပွဲ ကျင်းပတဲ့အချိန်ထိကို စောင့်ဆိုင်းသွားမှာလည်းဖြစ်ပါတယ်။ ချမ်းမြေ့ မောင်ချိုအနေနဲ့လည်း ပါဝင်ယှဉ်ပြိုင်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာ သိထားရပါတယ်။ တကယ်လို့သာ ကျန်းမာရေးအရလာရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိရင်တော့ ပြိုင်ပွဲသတ်မှတ်ချက်အတိုင်းပဲ ဒိုင်ပွဲရပ်အနေနဲ့ ကျန်ရှိ တဲ့ဖြိုးမြတ်အောင်ကို Winner ဆုပေးရမှာပါ။ Voting စနစ်ကဘယ်လိုဖြစ် သွားမယ်ဆိုတာကိုတော့ Grand Final စတင်ချိန်မှာ ကြေညာ ပေးသွားမှာဖြစ်ပါတယ်” ဟု Myanmar Idol ၏ Project Director  ဒေါ်နန်းမောက်လောဝ်ဆိုင်မှ ပြောကြားခဲ့သည်။

ဆေးကုသမှုခံယူလျက်ရှိသည့် ချမ်းမြေ့မောင်ချိုအား တွေ့ရစဉ် (ဓာတ်ပုံ-သုခကမ္ဘာဆေးရုံ)

Myanmar Idol Season 3 Top 2 Finalist ချမ်းမြေ့မောင်ချိုသည် အာသီးရောင်ခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ လေးဘက်နာ ရောဂါ(ASO)တက်ခြင်းတို့ကြောင့် သြဂုတ် လ ၉ ရက်မှ စတင်ကာ သုခ ကမ္ဘာဆေးရုံ တွင် ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။ လက်ရှိတွင် ချမ်းမြေ့မောင်ချို၏ကျန်းမာရေး အခြေအနေမှာ အတန်ငယ်သက်သာလာပြီ ဖြစ်ကာ ပိုမိုကောင်းမွန်လာပြီး Grand Final တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်မျှော်လင့်လျက်ရှိကြောင်းလည်း Myanmar Idol ပြိုင်ပွဲမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

August 10, 2018














Copy Protected by Chetan's WP-Copyprotect.