ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနှင့် ထိုင်း ဗဟိုလေကြောင်းထိန်းဌာနများအချင်းချင်း ဆက်သွယ်မှု အဆင်ပြေလွယ်ကူရေးအချက်များ လေးနိုင်ငံဆွေးနွေး

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနှင့် ထိုင်း ဗဟိုလေကြောင်းထိန်းဌာနများအချင်းချင်း ဆက်သွယ်မှု အဆင်ပြေလွယ်ကူရေးအချက်များ လေးနိုင်ငံဆွေးနွေး
Published 11 August 2018

ခြောက်ကြိမ်မြောက် လေးနိုင်ငံ လေကြောင်းထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေး ကျင်းပနေစဉ်

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနှင့်ထိုင်း လေးနိုင်ငံ၏ ဗဟိုလေကြောင်းထိန်းဌာနများ အချင်းချင်း ဆက်သွယ်မှု အဆင်ပြေလွယ်ကူရေး အချက်များကို လေးနိုင်ငံ ဆွေးနွေးခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ခြောက်ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ လေကြောင်းထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးအား သြဂုတ် ၇ ရက်နှင့် ၈ ရက်တို့တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်း အစည်းအဝေးအား အဆိုပါလေးနိုင်ငံမှ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာလေကြောင်း ပို့ဆောင်ရေးအဖွဲ့ RATA  မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခြားဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ လေးနိုင်ငံ အစည်းအဝေးအား လေကြောင်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်နှင့် လေကြောင်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ICAO  ၏ လမ်းညွှန်ချက်အရ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေးအား  မြန်မာ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ နှစ်ကြိမ်စီ အိမ်ရှင်အဖြစ် အသီးသီး လက်ခံကျင်းပခဲ့ကြပြီးဖြစ်ပြီး၊ လာ မည့် ခုနစ်ကြိမ်မြောက် အစည်းအဝေးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဟု သိရသည်။

ယခု မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အစည်းအဝေးတွင် ဘင်္ဂလားပင်လယ်အော်ဒေသ လေကြောင်းလမ်းများ ပြန်လည်ရေးဆွဲနိုင်ရေး၊ လေကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်သည့် အချက်များ၊ လေးနိုင်ငံ၏ ဗဟိုလေကြောင်းထိန်းဌာနများ အချင်းချင်း ဆက်သွယ်မှုအဆင်ပြေလွယ်ကူရေး အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ ဒီအစည်းအဝေးမှာတော့ အဓိက Safety issue ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပြီးတော့အရင်က ဒီလေးနိုင်ငံအနေနဲ့ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ အချင်းချင်း  Voice နဲ့ ပြောဖြစ်တယ်။ ခုတော့ data နဲ့ ပြောနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးက ICAO ရဲ့ လမ်းညွှန်ချက်အရ ကျင်းပတာဖြစ်ပြီး ဒီအစည်းအဝေးက တွေ့ရှိချက်တွေကိုလည်း ICAO အစည်းအဝေးမှာ ပြန်လည်တင်ပြသွားမှာပါ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent