<

ဘင်္ဂလားဒေရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ နှစ်နိုင်ငံဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးအပြင်ဘက်တွင် တရားမ၀င်နေထိုင်နေကြသည့် ဘင်္ဂါလီများအား ပြည်တွင်းပြည်ပ မီဒီယာများ မေ ၂၃ ရက်က တွေ့ဆုံစဉ်

ဘင်္ဂလားဒေရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ ၀န်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်သည့် CAS Report ပြုစုနိုင်ရေး ညှိနှိုင်းအစည်းအဝေးအပြီးတွင် သတင်းထောက်များက ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား မေးမြန်းရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယင်းကဲသို့ ဖြေကြားခဲ့သည်။

“၀န်ကြီးတွေ အနေနဲ့လည်းပဲ မြန်မာနိုင်ငံက ဆောင်ရွက်ထားတဲ့ အချက်အလက်တွေကို ရှင်းလင်းဆွေးနွေးမယ်။ ပြီးရင် ဘူသီးတောင်၊ မောင်တောမှာ မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့ ဆောင်ရွက်တဲ့စခန်းတွေရဲ့ အနေအထားတွေ၊ ဒေသမှာရှိတဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်တဲ့ အနေအထားတွေကို သူတို့ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်အောင် ဆောင်ရွက်ပြီးတော့မှ နှစ်နိုင်ငံညှိနှိုင်းခြင်းအားဖြင့် တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ အဖွဲ့တွေအနေနဲ့ ပြန်လည်လာရောက်နိုင်ဖို့အတွက်ကို သူတို့တွေ ယုံကြည်မှုတွေ ရှိပြီးတော့မှ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေ ဖြစ်လာအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြော ကြားသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံက ဒုက္ခသည်များကို ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ထားသည့် အချက်များကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး ယင်းအချက်အလက်များကို အခြားနိုင်ငံမှ သံတမန်များကိုလည်း ရှင်းပြထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ဆက်လက်၍ “အဲဒီအချက်အလက်တွေပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အထူးတော့ ဆွေးနွေးမှာ မဟုတ်ဘူး။ မိမိတို့နိုင်ငံ အစိုးရအနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေကို  တခြားသံတမန်တွေကိုလည်း ရှင်းပြပြီး ဖြစ်တယ်။ အဲဒီအချက်အလက်တွေကိုလည်း သူတို့သိအောင် ဆက်လက်ရှင်းပြမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒုက္ခသည်များ၏ ကိစ္စရပ်များအား ဖြေရှင်းရာတွင် နှစ်နိုင်ငံပူး ပေါင်းဖြေရှင်းရန် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “Technical  Working Group” ဆိုတာ ပြည်ထောင်စုအဆင့်မှာလည်း ဖွဲ့ထားတယ်။ ပြည်နယ်အဆင့်မှာလည်း ဖွဲ့ထားတယ်။ အောက်ခြေအဆင့်မှာလည်း ဖွဲ့ထားတယ်။ အဲဒီတော့ ပြည်ထောင်စုအဆင့်မှာကို အပါတ်စဉ်ဆွေးနွေး ညှိနှိုင်းနေတယ်။ သူတို့သွားမယ့်နေရာတွေ၊ သူတို့က ၃၁ အုပ်စုသွားချင်တယ်။ ပထမအဆင့်အနေနဲ့ နိုင်ငံတော်အစိုးရက ၁၃ ဦး အုပ်စုကျေးရွာ ၂၃ ရွာကို ခွင့်ပြုထားတယ်။ သူတို့တွေ သွားပြီးတော့မှ လာမယ့်အပါတ်လောက်ကို Survey ကွင်းဆင်းစစ်ဆေးပြီးတော့ စစ်တမ်းကောက်ယူတာတွေ ဆောင်ရွက်မယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ UNDP ၊ UNHCR အဖွဲ့တွေ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ အဖွဲ့များနှင့် ပြည်ထောင်စုအဆင့်တွင် အပါတ်စဉ်ဆွေးနွေးမှုများ ပြုလုပ်နေပြီး တိုးတက်မှုများလည်း ရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်  UNDP နှင့် UNHCR အဖွဲ့များကို ၀င်ရောက်လေ့လာခွင့်များပေးခဲ့ကြောင်း သိရသည်။

 

August 10, 2018














Copy Protected by Chetan's WP-Copyprotect.