ပိတ်သိမ်းအရေးယူထားသော သောက်ရေသန့်များကို ထောက်ခံချက်ရရှိပြီးချိန် (သို့မဟုတ်) သက်တမ်းတိုးပြီးချိန်တွင် FDA က ပြန်လည်ထုတ်ပြန် ကြေညာမည်

ပိတ်သိမ်းအရေးယူထားသော သောက်ရေသန့်များကို ထောက်ခံချက်ရရှိပြီးချိန် (သို့မဟုတ်) သက်တမ်းတိုးပြီးချိန်တွင် FDA က ပြန်လည်ထုတ်ပြန် ကြေညာမည်
Published 27 August 2017

သြဂုတ်လ အတွင်းက လှည်းကူးမြို့နယ် အတွင်းရှိ သောက်ရေသန့် လုပ်ငန်းများအား FDA က ကွင်းဆင်းစစ်ဆေးစဉ်

လတ်တလော ပိတ်သိမ်းအရေး ယူထားသော သောက်ရေသန့်များကို ထောက်ခံချက်ရရှိပြီးချိန် (သို့မဟုတ်) သက်တမ်းတိုးပြီးချိန်တွင်  မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြန်လည်ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

လတ်တလော ပိတ်သိမ်းအရေးယူထားသော သောက်ရေသန့် အမှတ်တံဆိပ်များ ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း တွေ့ရှိက မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ (သို့မဟုတ်) မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနသို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရသည်။

လတ်တလော ပိတ်သိမ်းအရေးယူထားသော သောက်ရေသန့်များမှာ မင်္ဂလာဒုံမြို့နယ်ရှိ ဝတီ၊ အာသီသ၊ ရူပါဦး၊ A10 mile၊ Clever၊ Rex အမှတ်တံဆိပ်များ၊ လှည်းကူးမြို့နယ်ရှိ စွမ်း၊ ဖိုးချစ်၊ Myat Noe Eain၊ Kar၊ ရိဒ်သက်စမ်းရေ အမှတ်တံဆိပ်များ၊ လှိုင်မြို့နယ်ရှိ လှသရဖူ၊ ရွှေအိုးအမှတ်တံဆိပ်များ ဖြစ်ကြောင်းနှင့် အချို့လုပ်ငန်းများမှ ပြင်ဆင်ချိန်ပေးသည့် ကာလအတွင်း လိုအပ်သည့်ပြင်ဆင်မှုများ လုပ်ဆောင်ပြီး ဖြစ်သည့်အတွက် ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းများလည်းရှိကြောင်း FDA မှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်ရှိ ထောက်ခံချက်ရှိပြီး သောက်ရေသန့်စက်ရုံများ အပါအဝင် ထောက်ခံချက်မရှိ ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင် စစ်ဆေးနေပြီး ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ထုတ်လုပ်မှု မရှိသော စက်ရုံများကို စက်ရုံအလိုက် နှစ်ပတ်မှ တစ်လအထိ ထုတ်လုပ်မှု ရပ်ဆိုင်းအရေးယူလျက် ရှိကြောင်းနှင့် လက်ရှိအထိ လှည်းကူး၊ လှိုင်နှင့် မင်္ဂလာဒုံမြို့နယ်များရှိ သောက်ရေသန့် လုပ်ငန်းပေါင်း ၃၀ နီးပါးကို အရေးယူထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။

စစ်ဆေးမှုတွင် ထောက်ခံချက်ရရှိပြီး သောက်ရေသန့် လုပ်ငန်းများအပြင် ထောက်ခံချက်မရှိ ထုတ်လုပ်နေသော သောက်ရေသန့် လုပ်ငန်းများကိုလည်း ရှာဖွေစစ်ဆေးလျက်ရှိကြောင်း၊ GMP နှင့်ကိုက်ညီမှုမရှိသော လုပ်ငန်းများအား ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ပြီး ယင်းသောက်ရေသန့်   လုပ်ငန်းအနေဖြင့် GMP သို့ထောက်ခံချက် လျှောက်ထားပြီး GMP နှင့်အညီ ကိုက်ညီမှသာ ပြန်လည်ထုတ်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက သောက်ရေသန့် အရည်အသွေးနှင့် ပတ်သက်သည့် Standard Plate Count ကိုအာဆီယံနိုင်ငံများနည်းတူ ပြင်ဆင်လျှော့ပေါ့ သတ်မှတ်ခဲ့ခြင်းကြောင့် ထောက်ခံချက်ရရှိရန် ကြန့်ကြာနေသည့် သောက်ရေသန့် လုပ်ငန်းများအနက် လုပ်ငန်း ၇၀ ခန့် ထုတ်လုပ်ခွင့် ပြန်လည်ရရှိခဲ့ကြောင်း၊ ယခင်က အဏုဇီ၀ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသောကြောင့် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရသည့် သောက်ရေသန့်လုပ်ငန်း အသစ်များနှင့် သက်တမ်းတိုးလုပ်ငန်းများ များစွာရှိခဲ့ကြောင်း၊ ထောက်ခံချက်မရသည့် လုပ်ငန်းသစ် ၃၄ ခုအနက် Standard Plate Count ၃၀၀ ကျော်ပြီး တတိယအကြိမ်ကျသည့် လုပ်ငန်းမှာ ၃၇ ရာခိုင်နှုန်းရှိပြီး စတုတ္ထအကြိမ်ကျသည့် လုပ်ငန်းမှာ ၃၈ ရာခိုင်နှုန်းရှိကြောင်း၊ ထောက်ခံချက်မရသည့် သက်တမ်းတိုးလုပ်ငန်း၂၆ ခုအနက် Standard Plate Count ၃၀၀ ကျော်ပြီး တတိယအကြိမ်ကျသည့် လုပ်ငန်းမှာ ၄၅ ရာခိုင်နှုန်းရှိပြီး စတုတ္ထအကြိမ်ကျသည့် လုပ်ငန်းမှာ ၂၉ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ စိစစ်တွေ့ရှိချက်အရ သိရသည်။

 

Most Read

Most Recent