အမှတ်ပေးချန်ပီယံ(၈)ကြိမ်ရခဲ့သော်လည်း မနှစ်ကဒုတိယရခဲ့ခြင်းမှာမိမိ၏နည်းပြဘဝတွင်အကြီးမားဆုံးအောင်မြင်မှုဟု မော်ရင်ဟိုပြောကြား

အမှတ်ပေးချန်ပီယံ(၈)ကြိမ်ရခဲ့သော်လည်း မနှစ်ကဒုတိယရခဲ့ခြင်းမှာမိမိ၏နည်းပြဘဝတွင်အကြီးမားဆုံးအောင်မြင်မှုဟု မော်ရင်ဟိုပြောကြား
Published 10 August 2018

Photo: AFP

မန်ယူအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက လက်စတာအသင်းနှင့် ပွဲစဉ်မတိုင်မီပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မန်ယူအသင်းအပေါ် ဝေဖန်နေမှုများကိုတုန့်ပြန်လိုက်ပြီး မိမိဘဝတွင်အမှတ်ပေးချန်ပီယံဆုကို (၈)ကြိမ်ရယူခဲ့ဖူးသော်လည်း ပြီးခဲ့သည့်ရာသီက အမှတ်ပေးဇယားတွင်ဒုတိယနေရာရရှိခဲ့ခြင်းမှာ နည်းပြဘဝတွင်အကြီးမားဆုံးအောင်မြင်မှုဖြစ်ကြောင်းပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်နှင့် ပေါ်တူဂီလူငယ်နောက်ခံလူ ဒီယေဂိုဒါလော့တ်တို့ကိုသာ အဓိကခေါ်ယူမှုအဖြစ်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်ပေးချန်ပီယံဆုအတွက် ပြိုင်ဘက်အသင်းများ၏ ပြင်ဆင်မှုများနှင့် နှိုင်းယှဉ်ပါက အားနည်းမှုများရှိနေသည်။

လက်ရှိအချိန်တွင် ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းက လာမည့်ရာသီအမှတ်ပေးချန်ပီယံဆုအတွက် အပြတ်အသတ်ရေပန်းစားနေဆဲဖြစ်ပြီး မန်စီးတီးအသင်းကို အဓိကစိန်ခေါ်နိုင်မည့်အသင်းအဖြစ်မူ ယခုရာသီတွင် စံချိန်တင်ငွေကြေးသုံးစွဲမှုများ ပြုလုပ်ခဲ့သည့် လီဗာပူးလ်အသင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများစွာရှိနေသည်။

မန်ယူအသင်းနည်းပြမော်ရင်ဟိုမှာမူ မန်ယူအသင်းတွင် ၎င်းအသုံးပြုနေသည့် နည်းဗျူဟာများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်ရာသီတစ်လျှောက်လုံး ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို၊ ယခုအချိန်တွင်လည်း ရာသီကြိုခြေစမ်းပွဲစဉ်များတွင် ကောင်းမွန် သည့်ခြေစွမ်းကိုမပြသနိုင်ခဲ့ခြင်းကြောင့် ဖိအားများပိုမိုမြင့်တက်လာပြီး အသင်းဘုတ်အဖွဲ့နှင့် တင်းမာမှုမှာလည်း ပိုမိုကြီးမားလာနေသည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။

သို့ရာတွင် မော်ရင်ဟိုကမူ ဝေဖန်မှုများအပေါ် ပြန်လည်ပြစ်တင်ခဲ့ပြီး မိမိအသင်းသည် မန်စီးတီးအသင်းကိုအနီးကပ်ဆုံးစိန်ခေါ်နိုင်ခဲ့သည့် အသင်းဖြစ်ပါလျက်နှင့် ဝေဖန်နေမှုများအပေါ် နားမလည်နိုင်ကြောင်းနှင့် မိမိတို့အောက်တွင်သာ ရပ်တည်နိုင်ခဲ့သည့်အသင်းများမှ နည်းပြများကိုမူ အမှတ်ပေးဖလားများကို အကြိမ်များစွာရယူနိုင်ခဲ့သူများလို မြင်နေကြခြင်းအပေါ် မေးခွန်းထုတ်လိုကြောင်းလည်း ပြောကြားခဲ့သည်။

"ကျွန်တေ်ာ့အမြင်ကိုပြောရမယ်ဆိုရင် ပထမဆုံးပြောချင်တာက ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့အသင်း ဒုတိယရခဲ့တယ်ဆိုတာကို ယုံကြည်ဖို့ အရမ်းခက်ခဲနေတယ်ဆိုတာပဲ။ ကျွန်တော် တစ်ချို့သတင်းတွေကြားနေရတယ်။ ဖတ်နေရတယ်။ အမြဲတမ်းတော့မဟုတ်ပါဘူး။ တစ်ခါတရံပေါ့။ ကျွန်တော်တို့အသင်းဟာ မနှစ်က ဒုတိယရခဲ့တဲ့အသင်းဆိုတာကို လက်ခံဖို့တောင်ခက်ခဲနေတယ်။ ကျွန်တော်တို့အသင်းဟာ ဒုတိယရခဲ့ပေမယ့် တန်းဆင်းခဲ့တဲ့အသင်းတစ်သင်းလို ဝေဖန်ခံနေရပြီး၊ ဘာအောင်မြင်မှုမှလည်းမရ၊ ကျွန်တော်တို့အသင်းရဲ့အောက်မှာလည်း ရပ်တည်နေတဲ့အသင်းတွေကိုတော့ serial winners (အမှတ်ပေးဖလားပေါင်းများစွာကို ဆက်တိုက်သိမ်းပိုက်ထားနိုင်သူများ) တွေလို ဆက်ဆံနေကြတာကိုတွေ့ရတယ်။ ဒီအခြေအနေကို ကျွန်တော်နားလည်ဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ ဒုတိယရခဲ့တဲ့အသင်းလို့ မခံစားရဘူး ဖြစ်နေတယ်။ ကျွန်တော်က ပရီးမီးယားလိဂ်ဖလား (၃)လုံးအပါအဝင် အမှတ်ပေးချန်ပီယံဖလား (၈)လုံး ရယူခဲ့သူပါ။ ဒါပေမဲ့ မနှစ်က မန်ယူအသင်းနဲ့အတူ အမှတ်ပေးဇယားဒုတိယနေရာမှာရပ်တည်နိုင်ခဲ့တာဟာ ကျွန်တော့်ရဲ့နည်းပြဘဝမှာ အကြီးမားဆုံးအောင်မြင်မှုလို့ ကျွန်တော်ခံစားရပါတယ်"ဟု ပြောကြားခဲ့သည်။

မော်ရင်ဟို၏ မန်ယူအသင်းသည် ယနေ့ညတွင် လက်စတာအသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကိုကစားသွားရမည်ဖြစ်ပြီး အဓိကကွင်းလယ်လူ မာတစ်ချ် အပါအဝင်၊ ဟာရဲရား၊ ဗလင်စီယာ၊ ဒီယေဂိုဒါလော့တ်၊ ဆာဂျီယိုရိုမဲရိုးနှင့် မားကို့စ်ရိုဟိုတို့ကို အသုံးပြုနိုင်မည် မဟုတ်ချေ။ မော်ရင်ဟိုသည် ကြာသပတေးနေ့ နေ့လည်ပိုင်းက ပေါ့ဘာ၊ လင်ဂတ်၊ လူကာကူ၊ အက်ရှ်လေယန်း၊ ဖယ်လေနီတို့နှင့် တွေ့ဆုံခဲ့ပြီး ယင်းကစားသမားများ၏ ကြံ့ခိုင်မှုအခြေအနေကို မေးမြန်းကာ ယင်းကစားသမားများကို အသင်းလူစာရင်းတွင် အသုံးပြုသွားဖွယ်ရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent