ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းရှေ့တွင် ကွန်တိန်နာယာဉ်နှစ်စီး တိုက်မိရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းရှေ့တွင် ကွန်တိန်နာယာဉ်နှစ်စီး တိုက်မိရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
Published 10 August 2018

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းရှေ့တွင် သြဂုတ် ၁၀ ရက်၊ နံနက် ၁ နာရီခန့်တွင် ကွန်တိန်နာနှစ်စီး တိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းအတိုင်း မော်တင်ဘက်မှ ဘုရင့်နောင်ဘက်သို့မောင်းနှင်လာသော ကွန်တိန်နာယာဉ်နှစ်စီးသည် ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဖြစ်ကာ နှစ်စီးတိုက်မိခဲ့ပြီး အဆိုပါတိုက်မိသည့်အရှိန်ဖြင့် ကွန်တိန်နာတစ်စီးမှာ လမ်းဘေးရှိ အိမ်ထဲသို့ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့လမ်းဘေးရှိအိမ်ထဲသို့ ကွန်တိန်နာယာဉ်ဝင်ရောက်သွားသောကြောင့် အိမ်ရှေ့တွင်ရပ်နေသော အမျိုးသမီးတစ်ဦးအား ထပ်မံတိုက်မိခဲ့ပြီး အဆိုပါအမျိုးသမီးမှာ နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း၊ ကွန်တိန်နာယာဉ်ပေါ်မှ ယာဉ်မောင်း နှင့် ယာဉ်အကူတို့သည်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် အမျိုးသမီးမှာ သန်လျင်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ကြည့်မြင်တိုင်ညဈေးတွင် ဈေးလာဝယ်သည့်ဈေးသည်တစ်ဦး ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းအမျိုးသားမှာ ခါးဆစ်ကျိုးဒဏ်ရာနှင့် ခြေဖနောင့်ရိုးချိုး ဒဏ်ရာများရရှိခဲ့ကြောင်းကို အဆိုပါ လူနာအားဆေးရုံသို့လိုက်ပါပို့ဆောင်ပေးခဲ့သည့် အားမန်ပရဟိတလူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

“မနက်တစ်နာရီလောက်ကဖြစ်တာ။ အသံကလည်း အကျယ်ကြီးဆိုတော့ ကျွန်တော်တို့လည်း နိုးပြီးဆင်းကြည့်ကြတာ။ ဘုရင့်နောင်ဘက်ကိုသွားတဲ့ ဘက်အခြမ်းမှာဖြစ်တာ။ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိကြတာ။ အောက်ကြောက အရှိန်နဲ့လာတဲ့ ကွန်တိန်နာကတော့ ဘေးကအိမ်ထဲကို ဝင်သွားတယ်။ အဲ့ဒီအိမ်ရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးကတော့ ကား နဲ့အိမ်ကြားထဲမှာ ညပ်ပြီးပွဲချင်းပြီး ဆုံးသွားတယ်။ ဒီနားမှာက ညဖက်ဆို ကားတွေကအရှိန်နဲ့အမြဲမောင်း နေကြတာ။ တိုက်တာကလည်း ခန ခနဘဲ။ အခုဆေးရုံပို့လိုက်တဲ့လူတွေလည်း အခြေအနေမကောင်းဘူးလို့ကြားတယ်”  ဟု အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာအနီးမှာနေထိုင်သူ တစ်ဦးမှ ပြောသည်။

တိုက်မိခဲ့သည့် ကွန်တိန်နာယာဉ်များပြန်လည်ရှင်းလင်းရာတွင် အချိန်ကြာမြင့်စွာဆောင်ရွက်ခဲ့ရပြီး ကမ်းနားလမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီးယာယီပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ကမ်းနားလမ်း တစ်လျှောက်သည် ကွန်တိန်နာယာဉ်များ အရှိန်ပြင်းစွာမောင်းနှင်မှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများမကြာခဏဖြစ်ပေါ် လျက်ရှိသည်။

Most Read

Most Recent