သတင်းစာရှင်းလင်းပွဲမှ ရီးယဲလ်မက်ဒရစ်ဂိုးသမားသစ် ကော်တိုအာ၏ ပြောစကားများ

သတင်းစာရှင်းလင်းပွဲမှ ရီးယဲလ်မက်ဒရစ်ဂိုးသမားသစ် ကော်တိုအာ၏ ပြောစကားများ
Published 10 August 2018

Photo: Real Madrid FC

ရီးယဲလ်မက်ဒရစ်အသင်းသည် ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာကို ယူရို(၃၅) သန်းဖြင့် ခေါ်ယူခဲ့ပြီး (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ရီးယဲလ်အသင်းသည် ကော်တိုအာအား ပြီးခဲ့သည့်ကြာသပတေးနေ့က ပရိသတ်များနှင့် မိတ်ဆက်ပွဲပြုလုပ်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲပါ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ကော်တိုအာ ပြောကြားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ငယ်စဉ်ကတည်းက ရီးယဲလ်မက်ဒရစ် ပရိသတ်
ကျွန်တော်တို့အားလုံးမှာ ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်တဲ့ ကလပ်အသင်းတစ်သင်းစီ ရှိပါတယ်။ ၂၀၀၂ ခုနှစ်တုန်းက ရီးယဲလ်မက်ဒရစ်-အန်ဒါလက်ချ်တို့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးယဲလ်အသင်းဂိုးသမား ကာစီးလက်စ်ရဲ့ ဂျာစီကို ကျွန်တော် ရရှိခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် (၁၀)နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ရီးယဲလ်မက်ဒရစ်အသင်းဆီက လက်ဆောင်တွေ ကျွန်တော် အမြဲရခဲ့ပါတယ်။

နာဗတ်စ်နှင့် ယှဉ်ပြိုင်ရမည့်အပေါ်
၂၀၁၄ ခုနှစ်တုန်းက ချယ်လ်ဆီးကို ပြောင်းတော့ ပီတာချက်နေရာကို ကျွန်တော် ရယူနိုင်ခဲ့ပါတယ်။ အခုလည်း အဲဒီတုန်းကလို လုပ်နိုင်မှာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ နာဗတ်စ်က ကျွန်တော့်ရဲ့ သူငယ်ချင်းပါ။

ဟာဇက်အကြောင်း
ဟာဇက်က ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ကျွန်တော်ကတော့ သူ့နဲ့ တစ်သင်းတည်းမှာပဲ အမြဲကစားချင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။ သူ ဒီ(ရီးယဲလ်)ကို
ပြောင်းလာမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ သူ အဆင်ပြေပါစေလို့ ကျွန်တော် ဆုတောင်းနေပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းပရိသတ်များ တုံ့ပြန်နိုင်မှု
အက်သလက်တီကိုပရိသတ်တွေက သူတို့ကွင်းမှာ ကျွန်တော် လာကစားမယ်ဆိုရင် ရီးယဲလ်မက်ဒရစ်ကစားသမားတွေကို ကြိုဆိုသလို ကြိုဆိုကြပါလိမ့်မယ်။ ကျွန်တော် အက်သလက်တီကိုအသင်းကို လေးစားမှုအပြည့်ရှိပါတယ်။ အက်သလက်တီကိုအသင်းက ကျွန်တော့်ကို လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ဆီမှာ အငှားပဲ ကစားခဲ့တာပါ။ ဒါကြောင့်  ကလပ်အသင်းတွေရဲ့လိုဂိုကို ဒီနေ့အထိ ကျွန်တော် မနမ်းခဲ့တာပါ။ ဒီနေ့တော့
ရီးယဲလ်မက်ဒရစ်အသင်းလိုဂိုကို နမ်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသင်းဟာ ကျွန်တော် ကစားချင်တဲ့အသင်း ဖြစ်လို့ပါ။

ရီးယဲလ်အသင်း ကစားသမားသစ် ခေါ်ယူမှုနည်းပါးခြင်းအပေါ်
အသင်းက သူတို့လိုအပ်တယ်လို့ထင်တဲ့ကစားသမားတွေကိုပဲ ခေါ်ယူတာပါ။ ခင်ဗျားတို့လည်း မြင်တဲ့အတိုင်းပဲ ရီးယဲလ်အသင်းရဲ့လူစာရင်းက အရမ်းတောင့်တင်းပါတယ်။ ကျွန်တော်ကတော့ နွေရာသီတိုင်း ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုတယ်လို့ ကျွန်တော် မထင်ပါဘူး။

Photo: Real Madrid FC

ရီးယဲလ်မက်ဒရစ်လား၊ အက်သလက်တီကိုလား
ကျွန်တောာ် ဒီ(ရီးယဲလ်အသင်း)ကို အမြဲလာချင်ခဲ့တာပါ။ ဒါက ရှင်းပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းကို ကျွန်တော် ထုတ်မပြောဘူးဆိုပေမယ့် လူတိုင်းလည်း သိပြီးသားကိစ္စပါ။

လစ္စဘွန်းမှ ရာမို့စ်၏ ဂိုး
ဒါက ဘောလုံးမှာ ဖြစ်နေကျတွေပါပဲ။ ကျွန်တော် အက်သလက်တီကိုအသင်းနဲ့ စပိန်ဘုရင့်ဖလား ရခဲ့တယ်။ ကျွန်တော်ကတော့ ရာမို့စ်ကို ချန်ပီယံလိဂ်ဖလားလိဂ်နောက်တစ်လုံး အတူယူဖို့ ပြောသွားမှာပါ။

အက်သလက်တီကိုတွင် ကစားစဉ်က ရီးယဲလ်အသင်းကို လှောင်ပြောင်သည့် သီချင်းဆိုခဲ့ခြင်းနှင့် ပတ်သက်၍
အဲဒီတုန်းက ကျွန်တော် (အသက်)တော်တော်ငယ်ပါသေးတယ်။ ဒီတော့ လွတ်သွားတာ ဖြစ်မယ်။ အဲဒီကိစ္စအတွက် ခွင့်လွှတ်ပေးဖို့ ကျွန်တော် တောင်းပန်ပြီးပါပြီ။ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ကျွန်တော် အစွမ်းကုန်ပေးဆပ်သွားမှာပါ။

Most Read

Most Recent