ပြည်ထောင်စု အစိုးရအဖွဲ့က နေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ချထားသည့် ကျပ်သန်း ၅၀၀၀၀ အား နေပြည်တော်ကောင်စီက တာဝန်ယူ ဆောင်ရွက်မည်ဟု သိရ

ပြည်ထောင်စု အစိုးရအဖွဲ့က နေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ချထားသည့် ကျပ်သန်း ၅၀၀၀၀ အား နေပြည်တော်ကောင်စီက တာဝန်ယူ ဆောင်ရွက်မည်ဟု သိရ
Published 10 August 2018

ပြည်ထောင်စု အစိုးရအဖွဲ့က နေပြည်တော်တွင် ရှိသည့် အစိုးရဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ချမှတ်ပေးထားသည့် ကျပ်သန်း ၅၀၀၀၀ အား နေပြည်တော်ကောင်စီက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုကနေပြီးတော့ ချမှတ်ပေးထားတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ဆိုလို့ရှိရင် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနဲ့ စက်မှုလက်မှု တိုးတက်ရေးများအတွက် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောက်ရွက်ဖို့ရာအတွက် ကျပ် ၄၄၂၆၆ ဒသမ ၈၉၉ သန်း ဖြစ်ပါတယ်။ အဲဒီမှာ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု အစိုးရဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်း အိမ်ရာများ တည်ဆောက်ဖို့ရာ ဆိုပြီးတော့ ကျပ်ငွေ သန်း ၅၀၀၀၀ ချမှတ်ပေးပါတယ်”ဟု နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်မြင့်ထွန်းက ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့သည်။

နေပြည်တော်တွင် တာဝန် ထမ်းဆောင်နေသည့် အစိုးရ ဝန်ထမ်းများအား နေရာချထားပေးရန် လိုအပ်သည့် နိုင်ငံ့ဝန်ထမ်း အိမ်ရာများ တည်ဆောက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ချမှတ်ပေးခြင်း ဖြစ်သည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက “အဲဒါ ကောင်စီကပဲ လုပ်တာ။ ကျွန်တော်တို့ စည်ပင်က မပါဘူး။ မပါဘူးဆိုတာ ကျွန်တော်တို့ တိုက်ရိုက်ကိုင်တာ မဟုတ်ဘူး။ ဝန်ထမ်းအိမ်ရာ ဆိုတာ အခုသက်ဆိုင်ရာ ဝန်ကြီးဌာန ဝန်ထမ်းတွေ တိုးချဲ့တာပဲဖြစ်ဖြစ်၊ အိမ်ရာ မလုံလောက်တဲ့ ဥစ္စာတွေကို ဆောက်လုပ်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက တင်တဲ့ဟာကို နေပြည်တော်နယ်မြေ ဖြစ်တဲ့ နေပြည်တော်ကော်စီ တင်ပေးတာ။ တက်ပေးပြီးမှ ဆောက်လုပ်ရေးတွေ လုပ်မှာပေါ့။ သက်ဆိုင်ရာ အရာရှိကြီးအဆင့်တို့၊ အရာထမ်းအဆင့်၊ အမှုထမ်းအဆင့် အားလုံးအတွက်ကိုပေါ့။ အဲဒါ စည်ပင်ကတောင်းတာ မဟုတ်ဘူး။ ကောင်စီက တောင်းတာ”ဟု ပြောကြားသည်။ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ရန် ဘက်ဂျက် ခွင့်ပြုပြီးချိန်တွင် တည်ဆောက်ရန် လိုအပ်သည့် မြေနေရာများကို မြေယာလျော်ကြေး ပေးချေထားသည့် နေရာများ၊ သစ်တောမြေများ စသည့် မြေနေရာလွတ်များ ရှာပေးရကြောင်း ဦးမင်းသူ က ဆိုသည်။

ဦးမင်းသူက “ဘယ်နေရာပေးမယ် ဆိုတာကတော့ ချက်ချင်းပြောလို့ မရဘူး။ လာမယ့်နှစ်မှ ဆောက်ရမှာကို ကြိုဆောက်တာတော့ တစ်ခုမှမရှိဘူး။ ကြိုဆောက်တယ်ဆိုရင် ဘဏ္ဍာရေးစည်းမျဉ်းနဲ့လည်း မညီဘူး။ အရင်အစိုးရ အဆက်ဆက်က ဆောက်ပြီးမှ ဘတ်ဂျက်တောင်းတာ။ အခုကျရင် ဘတ်ဂျက် ခွင့်ပြုပြီးမှ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဝန်ထမ်းအိမ်ရာတွေကို ကျတော့ ဆောက်ပြီးတဲ့အချိန်မှ စည်ပင်က စည်ပင်မြေထဲမှာ ဆောက်တဲ့အတွက် နိုင်ငံပိုင်အိမ်ရာ ထိန်းသိမ်းရေးလုပ်ငန်းကို စည်ပင်သာယာရေး ကော်မတီက တာဝန်ယူရတာပေါ့။ တည်ဆောက်ရေးအတွက် တင်ဒါကျတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေမှ လိုအပ်နေတဲ့ ဝန်ထမ်းအိမ်ရာတွေကို အစိုးရကနေမှ National Government ဖြစ်တဲ့ နေပြည်တော်ကောင်စီကိုချ၊ နေပြည်တော်ကောင်စီကနေပြီးတော့ ဘတ်ဂျက်နဲ့ တင်ရတာ။ အဲဒါလည်း သူတို့ လွှတ်တော်စိစစ်ရေးအဖွဲ့တွေက Estimate တွေ တွက်ပြီးမှ ဖြတ်တောက်တာတွေ ရှိချင်ရှိမှာပေါ့။ တောင်းသလောက် ခွင့်ပြုချင်မှ ပြုမှာပေါ့”ဟု ပြောကြားသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများအား Lot No. အလိုက် တင်ဒါများ ခေါ်ယူမည်ဖြစ်ပြီး တင်ဒါခေါ်ယူသည့်အချိန်တွင် နေပြည်တော်တိုင်း ဆောက်လုပ်ရေးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ အင်ဂျင်နီယာဌာန တာဝန်ရှိသူများက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“အခုကတော့ မတူတာက အရင်တုန်းက TZTM ၊ ACE ၊ A1 တို့ လေးငါးခြောက်ခုပဲ အမြဲတမ်း အပ်နေတာပေါ့။ အစိုးရ တက်လာပြီးမှ ၁/၂၀၁၇ အရ လုပ်ငန်းမှန်သမျှကို သူရဲ့ အဆင့်အလိုက် နိုင်ငံတစ်ဝန်းလုံးက ကုမ္ပဏီတွေ ယှဉ်ပြိုင်ကြတယ်။ မနှစ်ကဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံဝန်ထမ်းအိမ်ရာတွေ ဆိုရင် ၃၄ လုံးလား မသိဘူး လေလံပစ်တာ။ ဝင်ပြိုင်တာ ၂၀၀ လောက်ရှိမယ် ထင်တယ်။ အဲဒီထဲကမှ Lot အလိုက် တစ် Lot ကို ကုမ္ပဏီတစ်ခုပဲ ပေးတော့၊ နှစ်ခု မပြိုင်ခိုင်းတော့ ကုမ္ပဏီတွေ တော်တော်များတာပေါ့။ အရည်အသွေးပိုင်းတွေလည်း နည်းနည်း တက်လာတယ်။ အရင်တုန်းက သူတို့ ခိုချင်သလို ခိုတဲ့အရာတွေက အဲဒီလို ခိုလို့မရတော့ဘူးလေ။ စစ်တာပေါ့”ဟု ဦးမင်းသူ ဆက်လက် ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ရန် နေပြည်တော် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းများဖြစ်သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၁၂ ခန်းတွဲ ငါးထပ် ငါးလုံး တည်ဆောက်ခြင်း (၃၃၉၅၀ ဒသမ ၆၂၅ စတုရန်းပေ ၉၀x၅ လုံး) တည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။

Most Read

Most Recent