နားလည်မှု စာချွန်လွှာကို လက်တွေ့ အကောင်အထည်ဖော်ရေးအတွက် ရခိုင်ပြည်နယ်သို့ UNDP နှင့် UNHCR ဝန်ထမ်းများအား ကွင်းဆင်း၊ အကဲဖြတ်မှု ဆောင်ရွက်နိုင်ရန် ခရီးသွားလာခွင့်ပြု

နားလည်မှု စာချွန်လွှာကို လက်တွေ့ အကောင်အထည်ဖော်ရေးအတွက် ရခိုင်ပြည်နယ်သို့ UNDP နှင့် UNHCR ဝန်ထမ်းများအား ကွင်းဆင်း၊ အကဲဖြတ်မှု ဆောင်ရွက်နိုင်ရန် ခရီးသွားလာခွင့်ပြု
Published 10 August 2018

ဇူလိုင် ၂၂ ရက်က တောင်ပြိုလက်ဝဲ နယ်စပ်သို့ တာဝန်ရှိသူများ ကနဦး ကွင်းဆင်းစဉ်

နားလည်မှုစာချွန်လွှာ (MoU) ကို လက်တွေ့ အကောင်အထည်ဖော်ရေးအတွက် ရခိုင်ပြည်နယ်သို့ UNDP နှင့် UNHCR ဝန်ထမ်းများအား ကွင်းဆင်း၊ အကဲဖြတ်မှုများ ဆောင်ရွက်နိုင်ရန် ခရီးသွားလာခွင့်ပြုပြီ ဖြစ်ကြောင်း သြဂုတ် ၉ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာကို လက်တွေ့အကောင်အထည်ဖော်ရေး ပထမအဆင့်အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအုပ်စု ငါးအုပ်စု (ကျေးရွာ ၁၂ ရွာ)နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်အုပ်စု (ကျေးရွာ ၁၁ ရွာ)၊ စုစုပေါင်း ကျေးရွာအုပ်စု ၁၃ အုပ်စု (ကျေးရွာ ၂၃ ရွာ) တို့၌ ကွင်းဆင်း၊ အကဲဖြတ်မှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ကွင်းဆင်းအကဲဖြတ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် UNDP နှင့် UNHCR တို့ဘက်မှ တာဝန်ချထားသည့် ဝန်ထမ်းများအား လိုအပ်သည့် ခရီးသွားလာခွင့် ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သြဂုတ် ၇ ရက်တွင် အသိပေးထားပြီး ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါနေရာများသို့ ကွင်းဆင်း အကဲဖြတ်မှုများ ပြုလုပ်ရန်အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဌာနများသို့လည်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent