<

အဖွဲ့အစည်းပေါင်းစုံ စုပေါင်း ဆုတောင်းပွဲ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြလဲ (မန်းလား) ကျေးရွာ၌ ကျင်းပ

အဖွဲ့အစည်းပေါင်းစုံ စုပေါင်း ဆုတောင်းပွဲ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြလဲ (မန်းလား) ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဆုံးအကြိမ် ပြည်နယ်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်းကျင်းပသောပွဲကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြလဲ(မန်းလား) ကျေးရွာတွင် သြဂုတ် ၉ ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၉ ရက်တွင် ကျရောက်သော နှစ် (၇၀) မြောက် ကရင်နီ ခုခံတော်လှန်ရေးနေ့ အမည်အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ခေါ်ယူအသုံးပြုခွင့် တားမြစ်သောကြောင့် ယခုလို အဖွဲ့အစည်းပေါင်းစုံ စုပေါင်း ဆုတောင်းပွဲဟု အမည်ပြောင်းလဲ ကျင်းပရသဖြင့် စိတ်မကောင်းဖြစ်ရကြောင်း ပွဲကျင်းပရေးကော်မတီ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကော်မတီဝင် ဦးချစ်ထွန်းက ယင်းပွဲအပြီးတွင် ပြောကြားသည်။

“ဒီလိုပွဲမှာ ကျွန်တော်တို့ စုပေါင်းလုပ်တာ အဝေးကနေပြီးတော့ လေလှိုင်းသံတွေ၊ အဟန့်အတားတွေ၊ အနှောင့်အယှက်တွေ နောက်ဆုံးကတော့ ကျွန်တော်တို့ ကြိုဆိုပါ၏ ဆိုတဲ့ စကားလုံးတွေဟာ အစားထိုး လိုက်ရတယ်။ ကျွန်တော် အင်မတန် စိတ်မကောင်းစရာ။ တကယ်က ကြိုဆိုပါ၏ဆိုတဲ့ မုခ်ဦးအ၀င်မှာ ကျွန်တော်တို့ဟာ နှစ် ၇၀ ခုခံတော်လှန်ရေးနေ့ ကျွန်တော်တို့ ထားရမှာဖြစ်တယ်။ ပွဲကျင်းပရေးကော်မတီက စိတ်မကောင်းသလို ကြွရောက်ချီးမြှင့်ကြတဲ့ ကျွန်တော်တို့ မိဘပြည်သူ မဟာမိတ်တွေလည်း စိတ်ကောင်းကြမှာ မဟုတ်ပါဘူး”ဟု ဦးချစ်ထွန်းက ဆက်လက်ပြောကြားသည် ။

ထို့ပြင် ပွဲကျင်းပရေးကော်မတီက အမည်အတည်ပြုထားသော စုပေါင်း ဆုတောင်းပွဲအစား အောက်မေ့ဖွယ် အခမ်းအနားဟု ပြင်ဆင်ပေးရန် ညှိနှိုင်းသော်လည်း သက်ဆိုင်ရာက ခွင့်မပြုသောကြောင့် စုပေါင်း ဆုတောင်းပွဲ ဟုသာ အမည်တပ် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

August 9, 2018














Copy Protected by Chetan's WP-Copyprotect.