ရာထူးတစ်ဆင့်လျှော့ အရေးယူပြစ်ဒဏ် ချမှတ်ခံရသည့် လေယာဉ်မှူးအား မူလရာထူးသို့ Air KBZ လေကြောင်းလိုင်းမှ ပြန်လည်ခန့်အပ်

ရာထူးတစ်ဆင့်လျှော့ အရေးယူပြစ်ဒဏ် ချမှတ်ခံရသည့် လေယာဉ်မှူးအား မူလရာထူးသို့ Air KBZ လေကြောင်းလိုင်းမှ ပြန်လည်ခန့်အပ်
Published 10 August 2018

ရာထူးတစ်ဆင့်လျှော့ အရေးယူပြစ်ဒဏ် ချမှတ်ခံရသည့် လေယာဉ်မှူးအား မူလရာထူးသို့ Air KBZ လေကြောင်းလိုင်းမှ ပြန်လည်ခန့်အပ်ခဲ့ကြောင်း သတင်းရရှိသည်။

“လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိလူကြီးတွေရဲ့ ညှိနှိုင်း ဆောင်ရွက်ပေးမှုကြောင့် ကျွန်တော်ရဲ့ မူလရာထူးဖြစ်တဲ့ လေယာဉ်မှူးကြီးရာထူးကို သြဂုတ်လ ၈ ရက် ညနေပိုင်းမှာ ပြန်လည်အပ်နှင်းခံရပါပြီ။ ကျွန်တော့်ကို ယုံကြည်စွာ ပြန်လည်ခန့်အပ် တာဝန်ပေးအပ်ခဲ့တဲ့ DCA က DG, DYDG နဲ့ တာဝန်ရှိလူကြီးမင်းများ၊ Air KBZ မှ နာယကကြီးနဲ့ တာဝန်ရှိလူကြီးမင်းများအားလုံးနဲ့ ကျွန်တော့်ကိုစာနာထောက်ထား နားလည်ပေးကြတဲ့ လေယာဉ်စီးခရီးသည်များအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု Air KBZ လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး Capt မြင့်ဇော်ဦးက ပြောကြားသည်။

ဇူလိုင် ၂၀ ရက်က စစ်တွေမှ ရန်ကုန်သို့ ပျံသန်းလာသည့် Air KBZ လေယာဉ်၏ Electrical Heating System ချွတ်ယွင်းမှုကြောင့် လေယာဉ်မှန်ကွဲအက်ခဲ့သဖြင့် အဆိုပါလေယာဉ်အား မောင်းနှင်လာသည့် လေယာဉ်မှူးက သံတွဲလေဆိပ်သို့ ဆင်းသက်ခဲ့သည်။

ယင်းအချိန်တွင် စစ်တွေလေဆိပ်တွင်လည်း ရာသီဥတု ဆိုးရွားနေခြင်းကြောင့် လေယာဉ်အား ပြန်လည်မဆင်းသက်ဘဲ သံတွဲလေဆိပ်သို့ လေယာဉ်အား ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း လေယာဉ်မှူးက ဆိုသည်။

ယင်းဖြစ်ရပ်အပေါ် Air KBZ လေကြောင်းလိုင်းမှ သံတွဲလေဆိပ်သို့ ဆင်းသက်ခြင်းသည် မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု အားနည်းခြင်းများကြောင့်ဟုဆိုကာ အဆိုပါ လေယာဉ်မှူးအား တွဲဖက်လေယာဉ်မှူးရာထူးသို့ ရာထူးတစ်ဆင့်လျှော့ အရေးယူပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရာထူးတစ်ဆင့်လျှော့ အရေးယူခြင်းသည် လေကြောင်းလိုင်း၏ လုပ်ပိုင်ခွင့်အား ကျော်လွန်၍ ဆုံးဖြတ်ခဲ့ခြင်းကြောင့် လေယာဉ်မှူးအား မူလရာထူးသို့ ပြန်လည်ပေးအပ်ရန် လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ Air KBZ လေကြောင်းလိုင်းတာဝန်ရှိသူများအား သြဂုတ် ၇ ရက်က ခေါ်ယူညွှန်ကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent