ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးကို ဝိုင်ယာကြိုးဖြင့် ခြေသလုံး၊ ပေါင်နှင့်ကျောကုန်းတို့တွင် ညိုမည်းအောင် ရိုက်နှက်ခဲ့သည့် အိမ်ရှင်အမျိုးသားအား အမှုဖွင့်

ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးကို ဝိုင်ယာကြိုးဖြင့် ခြေသလုံး၊ ပေါင်နှင့်ကျောကုန်းတို့တွင် ညိုမည်းအောင် ရိုက်နှက်ခဲ့သည့် အိမ်ရှင်အမျိုးသားအား အမှုဖွင့်
Published 10 August 2018

ရိုက်နှက်ခံရသည့် အိမ်အကူကလေးငယ်၏ ဒဏ်ရာများကို တွေ့ရစဉ်

ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးကို ဝိုင်ယာကြိုးဖြင့် ခြေသလုံး၊ ပေါင်နှင့် ကျောကုန်းတို့တွင် ညိုမည်းအောင် ရိုက်နှက်ခဲ့သည့် အိမ်ရှင်အမျိုးသားအား သြဂုတ် ၉ ရက်က ကျောက်တံတားမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

သြဂုတ် ၉ ရက်တွင် ကျောက်တံတားမြို့နယ် (၃၈)လမ်းဈေးတွင် အိမ်အကူ မ....(၁၇ နှစ်) က ဈေးလာဝယ်စဉ် ခြေထောက်များ၌ ညိုမည်းဒဏ်ရာများကို ဈေးသည်အမျိုးသမီးကတွေ့၍ မေးမြန်းရာ အိမ်ရှင်က ဝိုင်ယာကြိုးဖြင့် ရိုက်ထားကြောင်း သိရသဖြင့် မိခင်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

မ.....(၁၇ နှစ်) ၏ ပြောကြားချက်အရ အိမ်ရှင်အမျိုးသားက သြဂုတ် ၈ ရက်တွင် နေ့လယ်ထမင်းစားပြီး ပန်းကန်ဆေးရာ မပြောင်သည့်အပြင် တံမြက်စည်းလှည်းခိုင်းရာတွင်လည်း မပြောင်၍ ဝိုင်ယာကြိုးဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

နှိပ်စက်ခဲ့သည့် အိမ်ရှင်မှာ ကျော်စိုးလင်းဆိုသူဖြစ်ပြီး ၎င်းမှာ မက္ကာသို့ ဘုရားဖူး ထွက်သွားကြောင်း သိရသည်။

“ကိုကျော်စိုးလင်းက ဘုရားဖူးသွားမယ်ဆိုတော့ ရက်ပေါင်း ၄၀ လောက်ကြာမယ်။ အဲဒီတော့ ကိုကျော်စိုးလင်းသွားမှာကိုတော့ အိမ်မှာ လူလိုရင် ကျွန်မညီမလေးကို ထားပေးပါ။ မဟုတ်ဘူး၊ ငါ့မှာလူရှိတယ်။ နှစ်ယောက်ရှိတော့ မုန့်လေးဘာလေး ဝယ်ခိုင်းရတယ်ဆိုတော့ အဲဒါဆိုရင်လည်း ခေါ်လိုက်ဆိုပြီး လက်ခံပေးလိုက်တယ်။ ဒီကောင်မလေးက ဘာမှမတတ်ဘူး။ ဒါပေမဲ့ ရိုးသားမှုတော့ ရှိတယ်။ ကိုကျော်စိုးလင်းက လုပ်ပြတယ်။ ဆူတယ်ပေါ့။ အဲဒီဖြစ်တဲ့နေ့ကလည်း ကိုကျော်စိုးလင်းကလည်း ဆီးချိုဝေဒနာသည်ဆိုတော့ တစ်ခါတလေကျရင် ဆီးချိုတက်ရင် စိတ်တိုတတ်တယ်။ အဲဒီနေ့မှာ ပြောလို့မရတော့ ဖုန်းအားသွင်းတဲ့ကြိုးကို လိမ်ပြီးတော့ ခြေထောက်ကို ရိုက်လိုက်တာ။ ဒါဖြစ်စဉ်အမှန်ကို ကျွန်တော် ပြောတာပါ” ဟု အိမ်ရှင်၏ကိုယ်စားလှယ် ကိုကျော်လင်းဦးက ပြောကြားသည်။

အိမ်ရှင် ဦးကျော်စိုးလင်းက ခရီးသွားမည့်အချိန်တွင် အိမ်အကူမိန်းကလေးနှစ်ဦးကို မုန့်ဖိုးပေးခဲ့ကြောင်း၊ သြဂုတ် ၉ ရက် နံနက်တွင် အိမ်အကူ မ.... က မုန့်သွားဝယ်ချိန်တွင် ဒလမြို့နယ်တွင် မ..... ၏မိခင်နှင့် အိမ်နီးချင်းနေထိုင်သူ အမျိုးသမီးက တွေ့ရှိ၍ မေးမြန်းပြီးနောက် ပြည်သူများက ကျောက်တံတားမြို့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ကိုကျော်လင်းဦးက ဆက်လက်ပြောကြားသည်။

ရိုက်နှက်ခံရသည့် အိမ်အကူမိန်းကလေးတွင် ခြေသလုံး ညိုမည်းဒဏ်ရာများ၊ ပေါင်နှစ်ဖက် ညိုမည်းဒဏ်ရာများ၊ ယာဘက်ကျောကုန်း ညိုမည်းဒဏ်ရာများ ရရှိခဲ့သဖြင့် အိမ်ရှင် ဦးကျော်စိုးလင်းအား အရေးယူပေးရန် အိမ်အကူမိန်းကလေး၏ မိခင်က ကျောက်တံတား မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အိမ်ရှင်ဖြစ်သူ ဦးကျော်စိုးလင်းအား ကျောက်တံတားမြို့မရဲစခန်းက (ပ)၂၁၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/၃၄၁ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent