မြောင်းမြတံတားအသစ် တည်ဆောက်နေမှု ရာခိုင်နှုန်း ၄၀ ပြီးစီးနေပြီဖြစ်ပြီး လာမည့်နှစ်ဧပြီတွင် စတင်အသုံးပြုနိုင်မည်ဟုသိရ

မြောင်းမြတံတားအသစ် တည်ဆောက်နေမှု ရာခိုင်နှုန်း ၄၀ ပြီးစီးနေပြီဖြစ်ပြီး လာမည့်နှစ်ဧပြီတွင် စတင်အသုံးပြုနိုင်မည်ဟုသိရ
Published 10 August 2018

မြောင်းမြတံတားအသစ် တည်ဆောက်နေမှုလုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်

မြောင်းမြတံတားအသစ် တည်ဆောက်နေမှုမှာ ရာခိုင်နှုန်း ၄၀ အထိ လုပ်ငန်းများပြီး စီးနေပြီဖြစ်ပြီး အသစ်ပြောင်းလဲလိုက်သည့် ဒီဇိုင်းပုံစံအရ လာမည့် ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ပြီး စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြောင်းမြကြိုးတံတားအဟောင်း မကျိုးပျက်မီ ၂၀၁၇ ခုနှစ် မေ ၁ ရက်မှ စတင်ကာ မြောင်းမြတံတားအသစ် စီမံကိန်းအား ကြိုးတံတားအဟောင်း၏ ရေစုန်ဘက်အခြမ်း ၄၆ ပေအကွာတွင် စတင်တည်ဆောက်နေခဲ့ပြီး စတင်တည်ဆောက်စဉ်က Balance Cantilever Method ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားခဲ့ပြီး တည်ဆောက်ချန်မှာ အချိန်နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ မြောင်းမြကြိုးတံတားမှာ ဧပြီ ၁ ရက်တွင် ပျက်ကျခဲ့ပြီးနောက် ဒေသခံပြည်သူများအနေဖြင့် နှစ်နှစ်ခန့်အထိ အခက်အခဲများ မကြုံတွေ့ရစေရေးအတွက် တစ်နှစ်အတွင်း တည်ဆောက်ပြီးစီးနိုင်သည့် Steel Truss Type အမျိုးအစားအား ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းထူထောင်ထားသည့် J&M Steel Solution မှ အသေးစိတ် ဒီဇိုင်းအသစ်ရေးဆွဲကာ တံတားဒီဇိုင်းအသစ်အား ပြောင်းလဲ တည်ဆောက်နေကြောင်း၊ ယခုတည်ဆောက်နေသည့် တံတားအသစ် စီမံကိန်းတွင် လူအင်အားနှင့် စက်ကိရိယာ အင်အားများ ပြည့်ဝစွာ အသုံးပြု တည်ဆောက်နေသောကြောင့် စီမံကိန်း၏ ရာခိုင်နှုန်း ၄၀ အထိ ပြီးစီးနေပြီဖြစ်ကာ လာမည့်နှင့် ဧပြီလတွင် စတင်ဖွင့်လှစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“တည်ဆောက်မှုအားလုံးရဲ့ ရာခိုင်နှုန်း ၄၀ ကျော် ပြီးစီးနေပါပြီ။ တံတားရဲ့ ပုံစံအသစ်အရ ပင်မတံတားရဲ့ Foundation လုပ်ငန်းတွေ Bored Pile တွေ တည်ဆောက်မှုကသာ အချိန်ယူကြာမြင့်တာပါ။ အခု ရာခိုင်နှုန်း ၄၀ ဆိုတာ တည်ဆောက်မှုရဲ့ အကြာမြင့်ဆုံး အပိုင်းတွေကို ဆောင်ရွက်ပြီးစီးသွားတာပါ၊ နောက်ထပ်နှစ်လလောက်အတွင်းမှာ Foundation လုပ်ငန်းတွေ အားလုံးပြီးစီးမယ်လို့ ခန့်မှန်းထားတယ်။ အဓိကက Foundation နဲ့ Bored Pile ကအရေးကြီးတာ အပေါ်ပိုင်းက လုပ်ရတာ နည်းနည်းလွယ်သွားတယ်။ ဒါတွေကို မေလကုန်အပြီးလောက်မှာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတယ်။ ပင်မတံတား သံပေါင်ဒီဇိုင်းကိုလည်း J&M Steel Solution ကုမ္ပဏီက ဒီဇိုင်းရေးဆွဲပြီး လုပ်တာပါ၊ လုပ်ပြီးတဲ့အခါမှာ မြောင်းမြတံတားအသစ် စီမံကိန်းကို ပို့ဆောင်ဆောင်နေပါပြီ။ ချဉ်းကပ်တံတားရဲ့ PC ယက်မတွေကိုလည်း မှော်ဘီမှာရှိတဲ့ I&H ကုမ္ပဏီမှာ ကြိုတင်ပြီးတော့ သွန်းလောင်းပြီးဆောင်ရွက်နေပြီး မြောင်းမြကိုပို့ဆောင်ဖို့ လုပ်နေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် မြောင်းမြမြိုနှင့် လပွတ္တာမြို့များတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံအတွင်းရှိ မြောင်းမြကြိုး တံတားကဲ့သို့ တည်ဆောက်ခဲ့သည့် ကြိုးတံတားပေါင်း ၂၉ စင်း၏ ကြံ့ခိုင်မှု အာမခံချက်များနှင့် ပတ်သက်၍လည်း ပြည်သူများအကြားတွင် စိုးရိမ်မှုများရှိနေခဲ့ပြီး ဧရာတီတိုင်းဒေသကြီး အတွင်းရှိ ရွှေလောင်းကြိုးတံတားအား တံတားကြံ့ခိုင်မှု အနိမ့်ဆုံးအဖြစ် သတ်မှတ်ကာ ယာဉ်ကုန် ၁၀ တန်အထိသာ ဖြတ်သန်းခွင့်ပြု၍ အချိန်ပြည့် စောင့်ကြည့်မှုများ လုပ်ဆောင်နေရကြောင်း၊ ဝါးခယ်မကြိုးတံတား ကျွန်းကုန်းကြိုးတံတားနှင့် ပင်လယ်လေး (လပွတ္တာ) ကြိုးတံတားများကို ပြုပြင်ထိန်းသိမ်းခြင်း အသစ်တည်ဆောက်နိုင်ရန် ပြင်ဆင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

Most Read

Most Recent