သိမ်းဆည်းခံလယ်ယာမြေများ အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးရေးနှင့် ပုံစံ (၇)များ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးပေးရေး နတ္တလင်းမြို့တွင် ခုနစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်

သိမ်းဆည်းခံလယ်ယာမြေများ အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးရေးနှင့် ပုံစံ (၇)များ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးပေးရေး နတ္တလင်းမြို့တွင် ခုနစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်
Published 10 August 2018

သိမ်းဆည်းလယ်ယာမြေများ အမြန်ဆုံးကွင်းဆင်း စစ်ဆေးပေးရေးနှင့် ပုံစံ(၇)များ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးပေးရေး နတ္တလင်းမြို့တွင် ခုနစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်စဉ်

သိမ်းဆည်းလယ်ယာမြေများ အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးရေးနှင့် ပုံစံ (၇) များ ဥပဒေနှင့်ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးပေးရေး နတ္တလင်းမြို့တွင် ခုနစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့တွင် သြဂုတ် ၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒမငယ်ဒေသခံ တောင်သူလယ်သမား ၁၀၀ နီးပါးက ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သိမ်းဆည်းခံထားရတဲ့ ကိစ္စကိုတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပေးခြင်းလည်း မရှိဘူး။ အငြင်းပွားနေတဲ့လယ်ယာမြေကို ဥပဒေနဲ့မညီဘဲပုံစံ (၇) ထုတ်ပေးတဲ့အတွက် လယ်ယာမြေကိစ္စတွေ ကြန့်ကြာနေတဲ့အတွက် ဆန္ဒဖော်ထုတ်ရတာပါ။ ဒီကိစ္စကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးမပေးဘူး။ လယ်ယာမြေပုံစံ (၇) ဥပဒေနဲ့အညီ ပြန်လည်စစ်ဆေးမပေးဘူးဆိုရင် တာဝန်ရှိသူတွေကို ထပ်ပြီးတော့ ရှုတ်ချမယ်” ဟု ဒမငယ်ကျေးရွာမှ လယ်သိမ်းခံရသူ ကိုချစ်ကိုက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာတွင် သိမ်းဆည်းခံလယ်ကိစ္စကို တာဝန်ရှိသူများမှ အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးရေး ဒို့အရေး၊ သစ်တောကြိုးဝိုင်း ပယ်ဖျက်မြေဧက ၃၀၀၀ အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ထုတ်ပေးထားခြင်းကို ဥပဒေနဲ့ ညီ မညီ စစ်ဆေးပေးရေး ဒို့အရေး စသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ယင်းစာသားများကို ကြွေးကြော်ကာ သံဖြူဂိတ်၊ တာပွန်လမ်း၊ ကန်ကြီးလမ်း၊ ဗိုလ်ရုံလမ်း၊ ရုံးလမ်းတို့မှ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးရှေ့တွင် ရပ်တန့်ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“၉၄ မှာ ကျွန်တော်တို့ လယ်တွေက ပြေစာထွက်ပြီးသား။ အဲဒါကို နိုင်ငံတော်က သိမ်းတာမဟုတ်ဘူး။ အောက်ခြေက လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး သိမ်းတာဖြစ်တယ်။ နိုင်ငံတော်ကသိမ်းလို့ နိုင်ငံတော်က အကျိုးရှိရင် ကျွန်တော်တု့ိမပြောဘူး။ အခုက သိမ်းပြီး သူ့ကိုယ်ကျိုးအတွက် ရောင်းချစားတယ်။ ကျွန်တော်တို့ လယ်တွေက မြေပြင်မှာ ကွက်လပ်မရှိတော့ဘူး။ အဲဒါကို စစ်ဆေးပေးပါဆိုတော့ ကြန့်ကြာနေတဲ့အတွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု အုံးနှဲကန်အလယ်စုမှ ဦးမြင့်နိုင်က ပြောကြားသည်။

ယင်းဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ နတ္တလင်းမြို့နယ် မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောက ၎င်းတို့အနေဖြင့် ကွင်းဆင်းဆောင်ရွက်မှုများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြုလုပ်ခဲ့ပြီး ဒေသခံလယ်သမားများက လွှတ်တော်ကိုယ်စားလှယ်များပါမှသာလျှင် လက်ခံမည်ဆိုခြင်းကြောင့် ပြန်လည် ချိန်းဆိုထားကြောင်း ပြောကြားသည်။

အဆိုပါ အငြင်းပွားနေသည့် လယ်မြေများမှာ သစ်တောကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်ပေးထားပြီး တောင်ညိုဆည်တည်ဆောက်ခဲ့ခြင်းကြောင့် ဧက ၃၀၀၀ ကျော် ချထားပေးခဲ့ပြီး ရေနစ်မြုပ်ဧရိယာအတွက် ဧက ၁၀၀၀၊ သစ်ချိုမျိုးပွားခြံအတွက် ဧက ၁၀၀၀၊ နစ်နာတောင်သူများအတွက် ဧက ၁၀၀၀ ပြန်လည်ချထားခဲ့ပြီး လက်ရှိအချိန်ထိ အငြင်းပွားနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent