ပြည်သူလူထု အရည်အချင်းပြည့်ဝပါက အရည်အချင်းမဲ့သည့် အစိုးရတစ်ရပ်တက်ရန်ဆိုသည်မှာ အလွန်ခက်ခဲကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူလူထု အရည်အချင်းပြည့်ဝပါက အရည်အချင်းမဲ့သည့် အစိုးရတစ်ရပ်တက်ရန်ဆိုသည်မှာ အလွန်ခက်ခဲကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 10 August 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများစကားဝိုင်း (Peace Talk) သြဂုတ် ၉ ရက်က ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာ၌ ပြုလုပ်နေမှုအား တွေ့ရစဉ်

ပြည်သူလူထု အရည်အချင်း ပြည့်ဝပါက အရည်အချင်းမဲ့သည့် အစိုးရတစ်ရပ်တက်ရန်ဆိုသည်မှာ အလွန်ခက်ခဲကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ် ၉ ရက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာ၌ ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများစကားဝိုင်း (Peace Talk) တွင် ပါဝင်ဆွေးနွေးသည့် အမျိုးသမီးကျောင်းသူတစ်ဦးက ငြိမ်းချမ်းရေးဖြစ်စဉ်၊ လူငယ်ကျောင်းများ အခြေအနေနှင့်ပတ်သက်၍ ၎င်း၏အမြင် အားတင်ပြမှုအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

“အခု ဒီမှာသတိပြုမိတာက အရှေ့က ဦးဆောင်တဲ့အတိုင်း အနောက်ကမလိုက်တာဟာ ပြဿနာလို့ အဲဒီလိုပြောတာတစ်ခု ရှိပါတယ်။ ဒါပေမဲ့ အရှေ့ကဦးဆောင်တဲ့လူလည်း မှန်ဖို့လိုပါတယ်။ နောက်ပြီးတော့ ဦးဆောင်တဲ့ လူအရွေးလည်း မှန်ဖို့လိုပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ကိုယ့်ကိုဦးဆောင်မယ့်သူတွေကို ကိုယ့်ဘာသာကိုယ် ပြည်သူလူထုတွေက ရွေးချယ်ပိုင်ခွင့်ရှိတဲ့ စနစ်ပဲဖြစ်ပါတယ်။ အဲဒီတော့ မှန်မှန်ကန်ကန် ရွေးချယ်ဖို့ဆိုတာဟာ တာဝန်ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ပါတီအဖွဲ့အစည်းတစ်ခုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဖြစ်စေ ပြောင်းလဲတတ်သည်ကို ပြည်သူလူထုက သတိပြုရမည်ဖြစ်ကြောင်း၊ စိတ်ဝင်စားရမည်ဖြစ်ကြောင်း၊ ခြုံငုံပြီးပြောရမည်ဆိုပါက ပြည်သူလူထုသည် နိုင်ငံရေးကို စိတ်ဝင်စားရန် လိုအပ်ကြောင်း၊ နိုင်ငံရေးကို စိတ်ဝင်စားရန်ဆိုသည်မှာ နိုင်ငံရေးပါတီဝင်၍ နိုင်ငံရေးလုပ်ခြင်းကို ပြောခြင်းမဟုတ်ဘဲ ပြည်သူတစ်ယောက်အနေဖြင့် ကိုယ်လိုချင်သည့် အခွင့်အရေးများရှိပါက ကိုယ့်တာဝန်များကိုလည်း မမေ့ရန် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပြည်သူလူထု အရည်အချင်းပြည့်ဝလို့ရှိရင် အရည်အချင်းမဲ့တဲ့ အစိုးရတစ်ခုတက်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ဖြစ်ခဲ့ပါတယ်။ အင်မတန်မှ ပြည်သူလူထုက အရည်အချင်းရှိတဲ့ နိုင်ငံတွေမှာ မထင်မမှတ်ဘဲနဲ့ အရည်အချင်း မရှိဘူး သို့မဟုတ် ကောင်းတဲ့အရည်အချင်းနဲ့ မပြည့်စုံတဲ့ ခေါင်းဆောင်တွေ အုပ်စိုးသွားတာတွေလည်း သမိုင်းမှာရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူလူထုကနေပြီးတော့ ဆင်ခြင်တုံတရားရှိလေလေ အစိုးရတွေ ကောင်းလေလေပဲ။ ဆင်ခြင်တုံတရားရှိရုံနဲ့လည်း မလုံလောက်ဘူး။ ပြည်သူလူထုကနေပြီးတော့ သိက္ခာရှိရှိ၊ သတ္တိရှိရှိနဲ့ ကိုယ့်ယုံကြည်ရာဘက်က ကိုယ်ရပ်တည်ဖို့က အင်မတန် အရေးကြီးပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အတွက် လက်ရှိအချိန်တွင် ပြည်သူလူထု အနေဖြင့် ငြိမ်းချမ်းရေးဘက်က ရပ်တည်ရန် အလွန်အရေးကြီးကြောင်း၊ ကလေးငယ်များကို သွန်သင်ဆုံးမရာတွင် ကိုယ်ကိုယ်တိုင် မှန်ကန်အောင်မလုပ်ဘဲ ကလေးငယ်များကို မှန်ကန်အောင်ဆုံးမရန် ခက်ခဲကြောင်း၊ သို့သော်လည်း မည်သူမဆို ကိုယ့်ကိုယ်ကိုယ် နေ့ချင်းညချင်း ပြုပြင်ပြောင်းလဲ၍ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆက်လက်၍ “ငြိမ်းချမ်းရေးကျွန်မတို့ နိုင်ငံမှာ ဘာဖြစ်လို့လိုအပ်နေလဲဆိုတော့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးဟာ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ မငြိမ်းချမ်းတဲ့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်ထိန်းသိမ်းထားလို့ မရပါဘူး။ အတိုင်းအတာတစ်ခုအထိ အရှေ့ကိုရောက်မယ်။ တစ်ခါတလေ ရပ်သွားမယ်။ တစ်ခါတလေ နောက်ကိုပြန်ဆုတ်မယ်။ ဒီလိုပဲ ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးမရှိတဲ့နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်မထိန်းသိမ်းထားနိုင်ဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

မိမိတို့ နိုင်ငံရေးလုပ်သည်ဆိုသည်မှာ အနာဂတ်ကိုကြည့်ပြီး လုပ်ရကြောင်း၊ အနာဂတ်ကို ဦးတည်ပြီး ပစ္စုပ္ပန်တည့်တည့်ကို ကြည့်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မပြောချင်တာက ပစ္စုပ္ပန်ကို တည့်တည့်ကြည့်ပါ။ အခုဖြစ်ပေါ်နေတဲ့ ကျွန်မတို့ နိုင်ငံရဲ့ပြဿနာတွေ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တည့်တည့်ကြည့်ပါ။ ဟိုအရင်တုန်းက အတိတ်ကို ပြန်ပြန်သွားပြီးတော့ အတိတ်ရဲ့အကျဉ်းသမားတွေလည်း မဖြစ်သင့်ဘူး။ အနာဂတ်ကို မျှော်ကိုးပြီးတော့ အခုလုပ်ရမယ့်ဟာကို မလုပ်ဘဲနဲ့ အနာဂတ်၊ အနာဂတ်၊ အနာဂတ်ဆိုပြီး မဖြစ်သေးတဲ့ ကိစ္စကိုပဲ အာရုံစိုက်နေလို့ မဖြစ်ပါဘူး။ ကျွန်မတို့ လက်ရှိလုပ်ရမယ့်ကိစ္စတွေကို အားလုံးဝိုင်းလုပ်မယ်ဆိုလို့ရှိရင် ငြိမ်ချမ်းရေးရနိုင်မှာပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ပြည်သူများ ရွေးချယ်တင်မြှောက်၍ တက်လာသည့် အစိုးရဆိုသည်မှာ ပြည်သူများကို တာဝန်ခံရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မတို့အစိုးရဟာ ပြည်သူပြည်သားတွေကို တာဝန်ခံရတဲ့အစိုးရပါ။ ပြည်သူတွေ ရွေးချယ်တင်မြှောက်လို့ တက်လာတဲ့အစိုးရဆိုတာ ပြည်သူပြည်သားတွေကို တာဝန်ခံရပါတယ်။ ပြည်သူပြည်သားတွေရဲ့ဘဝတွေ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားရပါတယ်။ ဘယ်အစိုးရမှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ပါဘူး။ မမှားတဲ့ အစိုးရဆိုတာလည်း တစ်ခါမှမရှိပါဘူး။ မမှားတဲ့ရှေ့နေဆိုပေမဲ့ ရှေ့နေတွေထက် ပိုပြီးမှားနိုင်တာ အစိုးရတွေပါပဲ။ အဲဒါကြောင့်မို့လို့ ဒီလိုအမှားရှိလို့ရှိရင်လည်း အရေးကြီးတာက ပြင်နိုင်ဖို့ပဲ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အဆိုပါ စကားဝိုင်းတွင် ဒေသခံလူငယ်များနှင့် ပြည်သူများ ရှစ်ဦးပါဝင်ပြီး ၎င်းတို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လယ်ယာမြေသိမ်းဆည်းမှု၊ မူးယစ်ဆေးဝါး၊ ဒေသတွင်းအကောင်အထည်ဖော်နေသည့် စီမံကိန်းများ စသည့်ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

Most Read

Most Recent