မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ စိုက်ပျိုးပြီး မိုးစပါးဧက ၆၅၀၀၀ ကျော် ရေမြုပ်ခဲ့ကာ ဧက ၃၅၀၀၀ ကျော် ထိခိုက်မှုများရှိခဲ့

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ စိုက်ပျိုးပြီး မိုးစပါးဧက ၆၅၀၀၀ ကျော် ရေမြုပ်ခဲ့ကာ ဧက ၃၅၀၀၀ ကျော် ထိခိုက်မှုများရှိခဲ့
Published 10 August 2018

ကျိုက်မရောမြို့နယ် ဝါးပျံကုန်းကျေးရွာရှိ ရေမြုပ်နေသည့် လယ်ယာမြေများအား တွေ့ရစဉ်

ဇူလိုင်လနောက်ဆုံးအပတ်မှ သြဂုတ်လဆန်းပိုင်းအထိ မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ စိုက်ပျိုးပြီး မိုးစပါးဧက ၆၅၀၀၀ ကျော် ရေမြုပ်ခဲ့ပြီး ဧကသုံး သောင်းခွဲကျော် ထိခိုက်မှုများရှိခဲ့ကာ၊ လက်ရှိအချိန်အထိ ဧက ၁၆၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“မိုးအဆက်မပြတ်ရွာသွားပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စိုက်ပျိုးပြီး မိုးစပါးဧကပေါင်း ၆၅၀၀၀ ကျော် ရေမြုပ်ခဲ့တယ်။ အခုရေပြန်ကျသွားတဲ့ ဒေသတွေမှာ ဧက ၅၁၀၀၀ ကျော် ပြန်ပေါ်ပါတယ်။ ထိခိုက်မှုအနေနဲ့ဧက သုံးသောင်းကျော်ရှိပြီးတော့ ပျက်ဆီးမှုအနေနဲ့ ဧက ၁၆၀၀၀ ကျော်လောက် ရှိနေပါတယ်။ နောက်ပြီး ကျိုက်မရော မြို့နယ်ထဲက စပါးခင်းတွေကတော့ ရေပြန်မပေါ်သေးပါဘူး။ ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“ပျက်စီးသွားတဲ့ မျိုးစပါးတွေအတွက် အရန်ထား၊ ထားတဲ့မျိုးစပါးတွေရှိသလို၊ အသင်းအဖွဲ့တွေက လာရောက်လှူဒါန်းထားတာတွေလည်း ရှိပါတယ်။ နောက်ပြီး ပျက်စီးသွားတဲ့ လယ်ယာမြေတွေကိုလည်း အမြန်ဆုံး ပြန်လည်ကူညီ ပံ့ပိုးသွားဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာလည်း ရေပြန်ပေါ်တဲ့ဒေသတွေက လယ်တွေဆီကို မျိုးစပါးတွေ၊ မြေသြဇာတွေကို ပံ့ပိုးသွားဖို့ အတွက်ကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ဦးထွန်းဌေးက ဆက်လက် ပြောကြားသည်။

“ရွာမှက လယ်ဧက ၂၀၀ ကျော်လောက် ရှိတယ်။ ရေမြုပ်နေတာ ရက် ၂၀ ကျော်သွားပြီး ပျက်စီးဖို့များတယ်။ လောလောဆယ် ရေကလည်း ပြန်မကျသေးတော့ ဘာမှလုပ်လို့မရသေးဘူး” ဟု ကျိုက်မရောမြို့နယ် လမုခိုကျေးရွာမှ ဦးဘပုက ပြောကြားသည်။

မိုးသည်းထန်းစွာရွာသွန်းပြီး ရေကြီးရေလျှံမှုများပေါ်ခဲ့သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း လယ် ၃၅၆၁ ဧက၊ ဘီးလင်းမြို့နယ်အတွင်း ၂၃၁၅၀ ဧက၊ သထုံမြို့နယ်အတွင်း ၁၉၄၇၇ ဧက၊ ပေါင်မြို့နယ်အတွင်း ၄၄၀၀ ဧက၊ မော်လမြိုင်မြို့နယ်အတွင်း ၂၃၄၉ ဧက၊ ချောင်းဆုံမြို့နယ်အတွင်း ၂၂၄၂ ဧကနှင့် ကျိုက်မရောမြို့နယ်တွင်း ၃၄၃၈၀ ဧက ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent