RCSS က အရပ်သားများကို ပြန်လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးထားခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့်အပြင် အခြေခံလူ့အခွင့်အရေးကိုပါ ထိခိုက်စေသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်

RCSS က အရပ်သားများကို ပြန်လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးထားခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့်အပြင် အခြေခံလူ့အခွင့်အရေးကိုပါ ထိခိုက်စေသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်
Published 10 August 2018

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က အရပ်သားများကို ပြန်လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးထားခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့်အပြင် အခြေခံလူ့အခွင့်အရေးကိုပါ ထိခိုက်စေသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သြဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်၊ ကျိုင်ခမ်းဒေသရှိ EZY ကုမ္ပဏီ၊ Power Tun ကုမ္ပဏီ၊ Love and Like ကုမ္ပဏီ၊ Pan Thu ကုမ္ပဏီတို့တွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား ၁၂ ဦးကို SSA၊ တပ်မဟာ ၇၅၉၊ တပ်ခွဲ ၁၉၈ မှ ၂၀၁၀ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် ပျောက်ဆုံးလူငယ်များ၏ မိဘများက မြန်မာနိုင်ငံ အမျိုသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“အဖမ်းခံရပါတယ်ဆိုပြီး တိုင်တာက ၂၀၁၇ခုနှစ် ဇွန် ၃၁ ရက် ရက်စွဲနဲ့တိုင်တာ” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောကြားသည်။

ထို့ကြောင့် ကော်မရှင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ၂၀၁၈ခုနှစ် ဇန်နဝါရီ ၁၁ ရက် ရက်စွဲဖြင့် အကြောင်းကြားရာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် မေ ၂၃ ရက် ရက်စွဲဖြင့် ပြန်လည်အကြောင်းကြားသည့်စာတွင် SSA မှ ကုမ္ပဏီလုပ်သားအချို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းတို့အနက် အချို့ကို ပြန်လွှတ်ပေး၍ မောင်ဝေလင်းစိုး၊ မောင်ကျော်စွာဟိန်း၊ မောင်ကျော်လင်းဖြိုး၊ မောင်စစ်မျိုးနိုင်၊ မောင်ထင်ကျော်နှင့် မောင်ထွေးတို့ ခြောက်ဦးအား SSA မှ ဆက်လက် ဖမ်းဆီးထားကြောင်း၊ အဆိုပါကုမ္ပဏီများက SSA-S တပ်ဖွဲ့ဝင်များနှင့် ချိန်းဆို၍ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် ငွေကျပ်သိန်း ၂၀၀ ကို သွားရောက်ပေးပို့ပြီး ရွေးယူရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့ တောင်းခံထားသည့် ငွေမပြည့်ဟုဆိုကာ သွားရောက်ပေးပို့သူ ခုနစ်ဦးအဖွဲ့မှ ဦးစိုင်းစံလှ တစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်ခြောက်ဦးကိုလည်း ထပ်မံဖမ်းဆီးထားခဲ့ကြောင်း ဖမ်းဆီးခံထားရသူ ၁၂ ဦးမှာ ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ဒေသခံလူငယ်များ ပြန်လည်စေလွှတ်ပေးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က တောင်ကြီးမြို့ရှိ RCSS/SSA ဆက်ဆံရေးရုံးသို့ အကြောင်းကြားထားသည်ဟု ဖော်ပြပါရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်သည် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့်အပြင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ထိခိုက်စေသည်ဟု သုံးသပ်ရရှိသဖြင့် ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးသင့်ကြောင်း အလေးအနက် တိုက်တွန်းအပ်သည်ဟု ကော်မရှင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မရှင် သတင်းထုတ်ပြန်ချက်တွင်ပါရှိသော ကိစ္စနှင့်ပတ်သက်၍ RCSS တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။ RCSS အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ကနဦး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Most Read

Most Recent