မန္တလေးမြို့ ဧရာဝတီမြစ်ရေမှာ သြဂုတ်လ ဒုတိယပတ်အတွင်း လက်ရှိရေမှတ်ထက် သုံးပေခန့်အထိ မြင့်တက်နိုင်

မန္တလေးမြို့ ဧရာဝတီမြစ်ရေမှာ သြဂုတ်လ ဒုတိယပတ်အတွင်း လက်ရှိရေမှတ်ထက် သုံးပေခန့်အထိ မြင့်တက်နိုင်
Published 10 August 2018

မန္တလေးမြို့ရှိ ဧရာဝတီမြစ်ကြောင်းတစ်နေရာအား တွေ့ရစဉ်

ဧရာဝတီမြစ် မန္တလေးမြို့ရေအမှတ်မှာ သြဂုတ်ဒုတိယပတ်အတွင်း လက်ရှိရေ အမှတ်များထက် သုံးပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထုတ်ပြန်ထားသည်။

သြဂုတ် ၉ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ မန္တလေးမြို့မြစ်ရေမှာ ၁၁၂၀ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကာ မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သော ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိရန် လေးပေခန့်အလိုတွင် တည်ရှိနေသည့်အတွက် ဒုတိယအပတ်အတွင်း မြင့်တက်မှုဖြစ်ပေါ်ပါက ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယခုနှစ် မိုးတွင်းကာလတွင် ဧရာဝတီမြစ်ရေမှာ မြစ်အထက်ပိုင်းရှိ မြစ်တစ်လျှောက်မြို့များ၌ စိုးရိမ်ရေမှတ်ရောက်သည်အထိ မြင့်တက်ခြင်း မရှိသေးသော်လည်း နှစ်စဉ် မြစ်ရေမြင့်တက်မှု အလေ့အထများအရ ဇူလိုင်နှောင်းပိုင်းနှင့် သြဂုတ်များတွင် စိုးရိမ်ရေအမှတ်နှင့် စိုးရိမ်ရေအမှတ် အထက်ရောက်ရှိသည်အထိ မြင့်တက်လေ့ရှိကြောင်း သိရသည်။

“အခုမန္တလေးမြို့ရဲ့ မြစ်ရေက စိုးရိမ်ရေမှတ်အောက်မှာပဲ ရှိနေပါသေးတယ်။ ဒီနှစ်မြစ်ရေ အခြေအနေအရ မြင့်တက်လိုက် ပြန်ကျသွားလိုက်နဲ့ ဖြစ်ပေါ်နေတဲ့အတွက် စိုးရိမ်ရေမှတ်အထိ ရောက်တာတော့ မရှိသေးဘူး။ မြစ်ရေမြင့်တက်နိုင်တဲ့ အခြေအနေက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဆက်စပ်နေတယ်။ လက်ရှိမှာတော့ မြစ်ရေတိုးဖို့ ရှိပေမယ့် နှစ်ရက် သုံးရက်အတွင်း စိုးရိမ်ရေအမှတ်ရောက်အောင်အထိတော့ မြင့်တက်လာနိုင်ခြေ နည်းပါတယ်” ဟု အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မန္တလေးမြစ်ရေမှတ်မှာ ၁၁၀၀ စင်တီမီတာကျော်သည်အထိ မြင့်တက်ခဲ့သော်လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ခြင်း မရှိဘဲ ပြန်လည်ကျဆင်းခဲ့ကာ ယခု သြဂုတ်လဆန်းပိုင်းတွင် တဖြည်းဖြည်း ပြန်လည် မြင့်တက်လာခြင်းဖြစ်ပြီး ခန့်မှန်းချက်အရ သြဂုတ်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် လေးပေမှ ငါးပေ၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟသာၤတမြို့နှင့် ဇလွန်မြို့တို့တွင် သုံးပေမြင့်တက်လာနိုင်ကြောင်း သိရသည်။

လက်ရှိတွင် သြဂုတ် ၉ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ဧရာဝတီမြစ်တွင် ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်မြို့များမှာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အနီး ရောက်သည်အထိ မြင့်တက်နေကြောင်း သိရသည်။ ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်အတွင်းက စိုးရိမ်ရေအမှတ်အထက် ၂၀ စင်တီမီတာ ကျော်လွန်ခဲ့ကာ ၂၀၀၄ ခုနှစ်တွင် စံချိန်တင် အမြင့်ဆုံး ၁၃၈၂ စင်တီမီတာအထိ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent