အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ်များခေါ်ယူအားဖြည့်ရန် ဆန်းချက်ဇ်တိုက်တွန်း

အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ်များခေါ်ယူအားဖြည့်ရန် ဆန်းချက်ဇ်တိုက်တွန်း
Published 9 August 2018

 

မန်ယူအသင်း၏ချီလီလက်ရွေးစင်တိုက်စစ်ကစားသမား ဆန်းချက်ဇ်က အသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ်များကို ခေါ်ယူအားဖြည့်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆန်းချက်ဇ်က ယခုနွေရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းကြီးများမှာ ကစားသမားကောင်းများခေါ်ယူအားဖြည့်ထားပြီး ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်ထားရာ မိမိတို့အနေဖြင့် ယင်းအသင်းမျုားကိုဖိအားပေးနိုင်ရန် ကစားသမားအင်အားဖြည့်တင်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

 

ဆန်းချက်ဇ်က '' အသင်းအနေနဲ့ ချန်ပီယံဆုတွေကိုရယူဖို့ အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ထားရပါမယ်။ ကျွန်တော်တု့ိဟာ ကြီးကျယ်တဲ့အသင်းပါ။ ရာသီ ကြိုကာလမှာ ကျွန်တော်တု့ိအသင်းဟာ လူစုံမပါဝင်ခဲ့ဘဲ လူငယ်တွေနဲ့တွဲဖက်ကစားခဲ့ကြရပါတယ်။ အခုအချိန်မှာတော့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေပြုလုပ်ပြီး ရာသီသစ်အတွက် ပြင်ဆင်ရတော့မှာပါ။ အသင်းအနေနဲ့အတွေ့အကြုံပြည့်ဝတဲ့ ကစားသမားကောင်းတွေကို ထပ်မံအား ဖြည့်ဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာက ဗီဒယ်လ်ကို ခေါ်ယူခဲ့တယ်။ သူဟာ ဆုဖလားတွေရယူဖို့ပြင်ဆင်နေတဲ့ ကျွန်တော်တို့အသင်းမှာ လိုအပ်တဲ့ကစားသမားမျိုး ဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

ဆန်းချက်ဇ်သည် လက်ရွေးစင်အသင်းကစားဖော် ဗီဒယ်လ်ကို ခေါ်ယူရန်မန်ယူအသင်းထံတိုက်တွန်းမှုပြုလုပ်ခဲ့သော်လည်း ဘာစီလိုနာအသင်းက အပြီးသတ်ခေါ်ယူခဲ့ခြင်းကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရသည်ဟု ဝန်ခံခဲ့သည်။
မန်ယူအသင်းသည် ယခုနွေရာသီတွင် ဖရက်ဒ်၊ ဒါ လော့၊ လီဂရန့်တို့ (၃)ဦးကိုခေါ်ယူရာ၌ ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းသာ အသုံးပြုရသေးသည်။ ထို့အပြင် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာမှာလည်း ဘာစီလိုနာအသင်းမှ ခေါ်ယူရန်ပစ်မှတ်ထားနေပြီး မန်ယူအသင်းက ၎င်းကိုလုံးဝရောင်းချသွားမည်မဟုတ်ဟု အတည်ပြုပြောကြားထားသည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် အပြောင်းအရွှေ့ကာလမပိတ်မီ ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူရန် စီစဉ်ထားပြီး မက်ဂွိုင်းရား၊ အယ်လ်ဒါဗီရယ်၊ ယာရီမီနာ၊ဇူးမား စသည့်ကစားသမားများကို ပစ်မှတ်ထားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ မန်ယူအသင်းသည် လာမည့်သောကြာညတွင် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လက်စတာအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent