အိန္ဒိယ-မြန်မာနယ်စပ် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်များ တစ်ပြိုင်တည်း ဖွင့်လှစ်

အိန္ဒိယ-မြန်မာနယ်စပ် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်များ တစ်ပြိုင်တည်း ဖွင့်လှစ်
Published 9 August 2018

တမူး - မိုးရေး နယ်စပ်ဂိတ်အား သြဂုတ် ၈ ရက်က ဖွင့်လှစ်စဉ် (ဓာတ်ပုံ-ကိုဆုသန်း)

အိန္ဒိယ - မြန်မာနယ်စပ် တမူး - မိုးရေးဂိတ်နှင့် ရိခေါရ်ဒါ - ဇိုခေါသာ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက် ဂိတ်များကို သြဂုတ် ၈ ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

“ပတ်စ်ပို့နဲ့ ဗီဇာပါရင် ထွက်လို့ရပြီ။ အရင်လိုမဟုတ်တော့ဘူး။ အရင်တုန်းကတော့ သမ္မတရုံးခွင့်ပြုချက်ပါမှ ထွက်လို့ရတယ်။ တမူးခရိုင်မှာနေတဲ့သူတွေ Border Pass ၁၃ ညအိပ်၊ ၁၄ ရက်မှာ ထွက်ခွင့်ပေးပါတယ်။ နယ်စပ်မျဉ်းရဲ့ ၁၆ ကီလိုမီတာ အကွာအဝေးကို သွားလို့ရတာပေါ့။ ဒီကနေ့မှစတာဆိုတော့ ပတ်စ်ပို့နဲ့ထွက်တဲ့သူပဲရှိတယ်။ အရင်က ဗီဇာရှိလည်း ဝင်ဝင်ထွက်ထွက် သမ္မတရုံးခွင့်ပြုချက်ရမှ။ သက်တမ်းရှိတဲ့ ပတ်စ်ပို့၊ သက်တမ်းရှိတဲ့ ဗီဇာဆိုရင် ထွက်လို့ရပြီ။ ဝင်လို့ရပြီ။ ထွက်ရင်လည်း အိန္ဒိယနိုင်ငံသားတို့ ဒီပြင် နိုင်ငံသားတွေရောပေါ့။ ဘော်ဒါပတ်စ်ကတော့ အခုမှစဖွင့်တယ်ဆိုတော့ ၁၆ ကီလိုမီတာပဲ ဝင်လို့ရမှာ။ ဒါကလည်း နယ်စပ်မြို့မှာ နေတဲ့သူတွေပဲရမယ်။ တခြားမြို့မှာ နေတဲ့သူတွေမရဘူး။ ၁၆ ကီလိုမီတာဆိုတော့ ၁၀ မိုင်လောက်ရှိတာ။ နယ်စပ်မြို့မှာနေတဲ့သူတွေ သူတို့ဆွေမျိုးနဲ့ တွေ့တာပေါ့။ အခု ပတ်စ်ပို့နဲ့ ဗီဇာပါတယ်ဆိုရင် ဗုဒ္ဓဂယာတို့ သွားမယ်ဆိုရင် သွားလို့ရတယ်။ အရင်ကဆို မရဘူးလေ။ ဖွင့်လိုက်တော့ အဲဒါလေးတော့ အားသာချက် ဖြစ်သွားတာပေါ့” ဟု တမူးခရိုင်လဝကမှူး ဦးဇော်ဝင်းသန်းက ပြောကြားသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား တမူး-မိုးရေးနှင့် ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ်များ ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့် e-Visa ပါရှိသော မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ သက်တမ်းရှိသောနိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံသံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ဗီဇာ (သို့မဟုတ်) e-Visa ပါရှိသည့် အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံသား (တတိယနိုင်ငံသား) များသည် မြန်မာနိုင်ငံသို့လည်းကောင်း ဝင်/ထွက်သွားလာနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူများ အနေဖြင့် မည်သည့်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များမှမဆို ပြည်ပသို့ ပြန်လည်ထွက်ခွာနိုင်ကြောင်းနှင့် သံတမန်နိုင်ငံကူး လက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသားများအား ပြည်ဝင်ဗီဇာကင်းလွတ် ခွင့်ပြုကြောင်း သိရသည်။ ထို့ပြင် အဆိုပါ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက်များ တည်ရှိရာ နယ်စပ်ဒေသ၌နေထိုင်သူ မြန်မာနှင့် အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် နယ်စပ်မျဉ်းမှ (၁၆) ကီလိုမီတာ အကွာအဝေးအထိ ဝင်/ထွက်ခွင့်ပြုပြီး တစ်ကြိမ်ဝင်/ထွက်ခွင့်အတွက် ၁၃ ညအိပ် ၁၄ ရက် ခွင့်ပြုပေးလျက်ရှိကြောင်း သတင်းရရှိသည်။

“နယ်စပ်ဂိတ် ဒီကနေ့ ဖွင့်လိုက်တာပါ။ ဖွင့်လိုက်ပြီးတော့ ဖြတ်လို့ရပါပြီ။ အရင်တုန်းကတော့ နယ်စပ်သွားခွင့်က ဥပမာ ဟိုဘက်ကမ်းက လာမယ်ဆိုရင် မြို့တွင်းနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ တံတားဖွင့်တဲ့အခါကျတော့ တစ်ရက်ပဲသွားလို့ရတယ်။ မီဇိုရမ်ပြည်နယ်က လူတွေ ရိဒ်ရေကန်ကို ညအိပ်လာလို့ ရသွားပြီ။ အဲဒါဆိုရင် Border Pass လေး ထုတ်ပေးရမှာပေါ့။ စာအုပ်က တစ်နှစ်သက်တမ်း ရှိပါတယ်။ တစ်ခါထုတ်ပြီးသွားရင်တော့ တစ်နှစ်အတွင်း သွားလာလို့ရပြီ။ တစ်ခါသွားရင်တော့ ၁၃ ညအိပ်၊ ၁၄ ရက် သွားလို့ရတယ်။ ဖွင့်ပွဲကိုတော့ နယ်စပ်တံတားမှာပဲ လုပ်လိုက်တာပါ” ဟု ရိခေါရ်ဒါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်လန်းခိုင်က ပြောကြားသည်။

Most Read

Most Recent