<

Sky Net အခပေး ရုပ်သံလိုင်း ကြည့်ရှုသူများအနက် မကျေနပ်သူများ စုပေါင်း၍ စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားမည်ဟု သိရ

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း နေအိမ်တိုက်ခန်းများတွင် Sky Net အခပေး ရုပ်သံလိုင်းများ တပ်ဆင်ထားသည်ကို သြဂုတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

Sky Net အခပေး ရုပ်သံလိုင်း ကြည့်ရှုသူများအနက် မကျေနပ်သူများက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမည် ဖြစ်ကြောင်း သြဂုတ် ၈ ရက်က စုံစမ်းသိရှိရသည်။

Sky Net အခပေး ရုပ်သံလိုင်းသည် လက်ရှိတွင် ပြည်သူများကို အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင် စသည်ဖြင့် Package သုံးခုခွဲ၍ ရောင်းချထားကြောင်း သိရသည်။

Sky Net အခပေး ရုပ်သံသည် လစဉ်ကြေးများကို ယခင်ကထက် လျှော့ချကာ အနီရောင် Package တွင် ရုပ်သံလိုင်း ၁၂၀ ကျော် ပါဝင်သည်ဟု ကြေညာထားသော်လည်း လက်တွေ့တွင် လိုင်းအားလုံးကို ပြသခြင်း မရှိပေ။

ထို့ပြင် ပြင်သစ်လီဂူးဘောလုံးပွဲစဉ်၊ အီတလီ စီးရီးအေ ဘောလုံးပွဲစဉ်နှင့် FA ဘောလုံးပွဲစဉ်များကို ပြသခြင်းမရှိဟု ဆိုသဖြင့် Sky Net အခပေး ရုပ်သံလိုင်းကြည့်ရှုသူများ စုပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားရန် လက်မှတ်များ ကောက်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။

“ Sky Net ကို စားသုံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားဖို့အတွက် Facebook မှာ Group လေးတစ်ခု ဖွဲ့ထားတာပေါ့။ အဓိက ကျွန်တော်တို့ တိုင်မှာက နှစ်ချက်ပေါ့။ သူတို့အနေနဲ့ ကျွန်တော်တို့ကို လိုင်းပေါင်း ၁၂၀ ကျော်လို့ ပြောထားတာက တစ်ချက်။ အဲဒီ လိုင်းပေါင်း ၁၂၀ ကျော်ကလည်း အားလုံး ကြည့်လို့မရဘူး။ တချို့လိုင်းတွေဆို မလွှင့်တော့ဘူး။ Future ဆိုပြီး တော်တော်များများ ရှိလာတယ်။ တကယ်က လိုင်းပေါင်းက ၁၁၀ လောက်ပဲ ကျန်တော့တယ်။ နောက်တစ်ချက် က ဘောလုံးပွဲတွေ အကုန်လွှင့်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘောလုံးပွဲတွေ အစုံမလွှင့်တော့တာနဲ့ လိုင်းတွေ လျော့တာတွေကို ငွေသွင်းတဲ့အချိန်မှာ ပြောတာမဟုတ်ဘဲနဲ့ပြီးမှ ပြန်ကြေညာတာ။ ဒါဘောလုံးပွဲကိုဘဲ ကြေညာတာနော်။ Future ဆိုပြီး မလွှင့်တော့တာတွေကို လုံးဝမကြေညာဘူး။ ဒါတွေက ကျွန်တော်တို့ ကြည့်ရှုသူတွေကို ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရှိတဲ့ပုံစံမျိုးနဲ့ဆိုတော့ ဒါက စားသုံးသူအခွင့်အရေးကို ချိုးဖောက်တယ်လို့ ကျွန်တော်တို့က ခံစားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့သူတွေ အကုန်လုံးစုပြီး စားသုံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားဖို့ လုပ်ထားတာပါ” ဟု Sky Net အခပေး ရုပ်သံလိုင်းကြည့်ရှုသူ ကိုသီဟ၀င်းတင်က ပြောကြားသည်။

“Sky Net မှာကြည့်မရတော့တဲ့ လိုင်းတွေရှိတယ်။ ဘောလုံးပွဲဆိုလည်း ပရီးမီးယားလိဂ် တစ်ခုပဲ ပြတော့မယ်ပြောတယ်။ ကျန်တာတွေ မပြတော့ဘူးလို့ ပြောတယ်။ ဦးလေးက ၃၆ လစာတောင် ၀ယ်ထားတာ။ အခုလို လိုင်းတွေ လျော့တာနဲ့ ဘောလုံးပွဲလိုင်းတွေ မစုံတော့တာကို မကျေနပ်ဘူး”ဟု တာမွေမြို့နယ်တွင် နေထိုင်သော Sky Net အခပေး ရုပ်သံလိုင်း ကြည့်ရှုသူ ဦးကျော်ဇေယျက ပြောကြားသည်။

Sky Net အခပေး ရုပ်သံလိုင်းကို ကြည့်ရှုသူ ပြည်သူများက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားရန် လက်မှတ်ကောက်ခံမှုနှင့် ပတ်သက်၍ Sky Net ၏ Customer Service ဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် မိမိတို့ဖြေကြားရန် အဆင်မပြေကြောင်းနှင့် ယင်းကိစ္စအား ဌာနရှိ လူကြီးကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း ဖြေကြားသည်။

Sky Net အခပေး ရုပ်သံအား စားသုံးသူကာကွယ်ရေး ဦးစီးဌာနသို့ တိုင်ကြားရန် လူမှုကွန်ရက် Facebook ၌ လက်မှတ်များ ကောက်ယူလျက်ရှိရာ လက်ရှိတွင် လက်မှတ်ပေါင်း ၃၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

“တိုင်ချင်ရင်၊ တိုင်ဖို့ရှိရင် တိုင်ပါ။ ကျွန်တော်တို့ ရှင်းပေးပါ့မယ်။ တရားဝင် တိုင်လာရင် ကျွန်တော်တို့က Sky Net နဲ့ တရားဝင် မေးပြီး ပြန်ရှင်းပေးမှာပါ။ ဒီလိုဖြစ်စဉ်က စားသုံးသူကာကွယ်ပေးရေးဥပဒေနဲ့ ပတ်သက်တယ်။ Service နဲ့ ပတ်သက်လို့ သူတို့ရဲ့ ကတိက၀တ် ပျက်ကွက်တယ်လို့ ခေါ်တာပေါ့။ အဲဒီကျရင် ဥပဒေနဲ့ အရေးယူတယ်။ အရေးမယူခင် နစ်နာသူနဲ့ အတိုင်ခံရသူကို စေ့စပ်ညှိနှိုင်းမှု လုပ်တယ်။ နှစ်ဦးနှစ်ဖက်က မပြေလည်ဘူး။ တင်းမာနေတယ်ဆိုရင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဆိုတာ ရှိတယ်။ ပြည်နယ်နဲ့တိုင်း၊ ခရိုင်တွေမှာရော ရှိတယ်။ အဲဒီအဖွဲ့ကို တင်ပြီး အဆုံးအဖြတ် ခံရတယ်။ အဲဒီအဖွဲ့ သက်ဆိုင်ရာဝန်ကြီး တစ်ပါးစီ ဦးဆောင်တာပေါ့။ အဲဒီအဖွဲ့က ဥပဒေနဲ့အညီ ဘယ်သူ လွန်တယ်။ မလွန်ဘူးဆိုတာ ဆုံးဖြတ်ပေးတယ်။ ဒါမှ မရဘူးဆိုရင် ရာဇ၀တ်ကြောင်းအရ တရားစွဲဖို့ ဆက်တင်တယ်”ဟု စားသုံးသူရေးရာ ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Sky Net အခပေး ရုပ်သံသည် လက်ရှိတွင် ကလပ်အသင်းများ၏ ပါဝင်ယှဉ်ပြိုင်သည့် ICC ဘောလုံးပွဲစဉ်များကို ပြသခြင်း မရှိခြင်း၊ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်ကိုလည်း ပြသခြင်း မရှိသောကြောင့် ကြည့်ရှုသူများက မကျေနပ်မှုများ ဖြစ်ပွားလျက် ရှိသည်။

အလားတူ ယခင်ကလည်း Forever Group Co.,Ltd မှ 4TV ရုပ်သံလိုင်းများကို Canak + ရုပ်သံလိုင်းများဖြင့် ပြောင်းလဲပြသခြင်း ကိစ္စကြောင့် ကြည့်ရှုသူပြည်သူများ မကျေနပ်သဖြင့် ၂၀၁၈ ခုနှစ် ဧပြီက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

 

August 9, 2018














Copy Protected by Chetan's WP-Copyprotect.