တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အချက်အလက်များ ထည့်သွင်းထားသည့် Mobile Tablet များ ဖြန့်ဝေ

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အချက်အလက်များ ထည့်သွင်းထားသည့် Mobile Tablet များ ဖြန့်ဝေ
Published 9 August 2018

သြဂုတ် ၈ ရက်က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် အခမ်းအနားကို တွေ့ရစဉ်

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များ ထည့်သွင်းထားသည့် Mobile Tablet များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သြဂုတ် ၈ ရက်က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် သက်ဆိုင်ရာဦးစီးဌာနများ၊ တာဝန်ရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Mobile Tablet များ ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ Mobile Tablet တယ်လီဖုန်းတွေကို ပေးမယ်ဆိုတဲ့ အခါကျတော့ ဝယ်ထားတာ ၂၀၁၇-၂၀၁၈ တုန်းက ၁၉၁၇ လုံးဝယ်ထားတယ်။ ၂၀၁၈ ခုနှစ် ခြောက်လမှာ ၁၀၃၆၀ လုံးကို ပိုက်ဆံလည်း ပေးထားပြီးပြီ။ ရှစ်လက်မကတော့ ၁၂၀၀ ဝယ်မယ်။ အဲဒါကို တင်ဒါခေါ်မယ်။ ပိုက်ဆံလည်း ရှိတယ်။ ၂၀၁၈-၂၀၁၉ ကျတဲ့အခါ ခုတင် ၁၀၀၊ ၂၀၀ က ဆရာဝန်တွေကို ပေးဖို့လုပ်မယ်။ ဒါကတော့ အများကြီး အကျိုးရှိပါတယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများအား ပေးအပ်ခဲ့သည့် Mobile Tablet များတွင် Health Manpower Database၊ MoHS Mail Server (mails.mohs.gov.mm)၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များ ထည့်သွင်းထားကြောင်း သိရသည်။

ဒေါက်တာမြင့်ထွေးက “အခုဆိုရင် ကျွန်တော်တို့နိုင်ငံကို နီပေါနိုင်ငံ ကျောင်းသားတွေ လာတက်ချင်တယ်။ ဘူတန်နိုင်ငံက ကျောင်းသားတွေလည်း လာတက်ချင်တယ်လို့ သံအမတ်ကြီးတွေက ပြောထားတယ်။ ကျွန်တော်တို့ ပညာအဆင့်အတန်းက မနိမ့်ပါဘူး။ သူများနိုင်ငံတွေက လာတက်ဖို့ အခြေအနေတွေ ရှိပါတယ်။ ဒါတွေတက်ဖို့၊ မတက်ဖို့ဆိုတာက ကျွန်တော်တို့ Website ကိုဝင်လိုက်ရင် ကျန်းမာရေးဌာနမှာ ဒါတွေရှိပါလား။ ဒါတွေ လုပ်နေပါလား။ အဲဒါကြောင့် ပြောတာပါ။ ကျွန်တော်တို့ ကွန်ပျူတာတွေ အများကြီး ဝယ်နေပါတယ်။ ၂၀၁၈-၂၀၁၉ မှာလည်း အများကြီးဝယ်မယ်။ လူတိုင်းဆီမှာ ကွန်ပျူတာတစ်လုံးရှိရမယ်။ မိမိရှေ့မှာ ကွန်ပျူတာ ရှိရမယ်။ ဒါမှသာ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းများအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များအား အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာ ဖြစ်တယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “တိုင်းနဲ့ ပြည်နယ်ဦးစီးမှူးများက ကွန်ပျူတာရှေ့မှာ ထိုင်မယ်။ သူ့ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ Data တွေရှိမယ်။ အဲဒီ Data တွေမှာ ဘာဖြစ်လဲဆိုတာကတော့ Web Information Form တွေ ကြည့်ပြီး လုပ်ပေးလိုက်ကြတာပေါ့။ သူ့စားပွဲမှာထိုင်ပြီး ဒါလေး ဖွင့်ကြည့်လိုက်ရင် သိပြီ။ ဘယ်မြို့နယ်က ဘာဖြစ်နေလဲ။ အဲဒီလိုဖြစ်အောင် လုပ်မလို့ ရေရှည်ပေါ့။ သိပ်တော့မကြာပါဘူး။ တစ်နှစ်လောက်အတွင်းမှာ ဖြစ်ဖို့ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်က ကူဖို့လိုမယ်။ တိုင်းဦးစီးမှူးတွေနဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတွေ တိုင်ပင်ပြီးလိုချင်တဲ့ Framework ကို ထည့်ပေးလိုက်ပေါ့။ ဒါတွေက အများကြီး လုပ်လို့ရပါတယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ပြည်တွင်းရှိ ဆေးရုံတိုင်းအား ကွန်ပျူတာများ ပေးအပ်ရန်ရှိပြီး လာရောက်ကုသသည့် လူနာများကို စာအုပ်မှတ်တမ်းများအစား ကွန်ပျူတာမှတ်တမ်းတွင် ရေးသွင်းနိုင်ရန်အတွက် သက်ဆိုင်သည့် ဝန်ထမ်းများအား ကွန်ပျူတာ သင်တန်းများ ပို့ချမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများတွင် ကွန်ပျူတာစနစ် ကျယ်ပြန့်စွာ အသုံးပြုခြင်းအားဖြင့် လက်ရှိကြုံတွေ့နေရသည့် ဆေးဝါးဝယ်ယူမှုများတွင် ခန့်မှန်းဝယ်ယူမှုများထက် ပိုမိုကောင်းမွန်လာနိုင်ခြင်း၊ ဆေးဝါးပိုလျှံမှုများ ဖြစ်ပေါ်ပြီး သက်တမ်းလွန် ဆေးဝါးများအဖြစ် ရောက်ရှိခြင်းကို လျှော့ချနိုင်ခြင်း၊ လက်ကျန်ဆေးဝါးများအား တိကျစွာ တွက်ချက်နိုင်ပြီး လိုအပ်သည့် ဆေးဝါးများကို အချိန်မီဝယ်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ဆိုသည်။

Most Read

Most Recent