ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ် အပါအဝင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ယခင်လထက် ဈေးမြင့်တက်ကာ အရောင်းအဝယ်အေး

ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ် အပါအဝင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ယခင်လထက် ဈေးမြင့်တက်ကာ အရောင်းအဝယ်အေး
Published 9 August 2018

ထိုင်းဘက်မှ ဆိုင်ကယ်များ သယ်ဆောင်လာသည့် ယာဉ်တစ်စီးအား မြဝတီမြို့တွင် တွေ့ရစဉ်

ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်အပါအဝင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ယခင်လကထက် ဈေးမြင့်တက်ကာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ဈေးကွက်တွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေနှစ်မျိုးဖြင့် သုံးစွဲနေကြသော်လည်း ကုန်ပစ္စည်းများကို ဘတ်ငွေနှုန်းဖြင့်သာတွက်ပြီး မြန်မာကျပ်ငွေဖြင့် အရောင်းအဝယ် ပြုလုပ်ကြသည်။

“ဆိုင်ကယ်တွေ အရောင်းအဝယ် ပါးတာက ဘတ်ဈေးကြောင့်ပါ။ ဘတ်ငွေနဲ့ဝယ်ရင် ဈေးအပြောင်းအလဲမရှိပေမဲ့ မြန်မာငွေနဲ့ လာဝယ်တဲ့သူတွေက ဘတ်ငွေဈေးအမြင့်ကို လိုက်ပေးရတဲ့အတွက် ယခင်လကထက် သုံးလေးသောင်း မြင့်တက်သွားပါတယ်။ ဆိုင်ကယ်အများစုက ထိုင်းဘက်က တင်သွင်း ရောင်းချတယ်ဆိုပေမဲ့ ဗီယက်နမ်၊ လာအိုနိုင်ငံထုတ် ဆိုင်ကယ်အသစ်တွေလည်း ရောင်းချကြပါတယ်” ဟု ဆိုင်ကယ်အသစ်များအား ရောင်းချသူတစ်ဦးက ပြောကြားသည်။

ယခင် ဇူလိုင်လဆန်းစက ထိုင်းဘတ်ငွေဈေးမှာ (မြန်မာကျပ်ငွေ ၁၀၀ လျှင်၂ ဒသမ ၃၅ ဘတ်၊ ထိုင်းဘတ်ငွေ ၂၃၅၀ လျှင် မြန်မာငွေ ကျပ် ၁၀၀၀၀၀ ရှိခဲ့ရာမှ သြဂုတ် ၇ ရက်တွင် ထိုင်းဘတ် ၂၂၈၅ ဘတ်လျှင် မြန်မာငွေကျပ် ၁၀၀၀၀၀ အထိ ထိုင်းငွေဈေးမြင့်တက်ခဲ့သည်။

မြဝတီမြို့မှ တစ်ပတ်ရစ် ဆိုင်ကယ် ရောင်းချသူတစ်ဦးဖြစ်သည့် ကိုညွန့်သိန်းက “ဆိုင်ကယ်တွေ အရောင်းအဝယ်အေးတာတော့ မပြောပါနဲ့တော့။ ဘတ်ဈေးက မြင့်တက်တာကိုးဗျ။ ဘတ်နဲ့ဝယ်ထားကြပြီးတော့ မြန်မာငွေနဲ့ရောင်းတာလေ။ ဘတ်ဈေးတက်တော့ အရင်လကထက် ဆိုင်ကယ်တစ်စီးကို သုံးလေးသောင်း ဈေးမြင့်သွားတာပေါ့။ ဒီကြားထဲ ရေကလည်းကြီးနေတော့ အရောင်းအဝယ်လုံးလုံးကို မရှိဘူး” ဟု ဆိုသည်။

လက်ရှိဘုရင့်နောင်ဈေးကြီးအတွင်း ရောင်းချလျက်ရှိသည့် ထိုင်းကုန်စည်ဈေးနှုန်းများမှာ စားဆီ ၁၀ ပိဿာဝင် ပလတ်စတစ်ပုံးကြီးတစ်ပုံးကျပ် ၁၈၀၀၀၊ အထုတ် ၃၀ ပါ မားမားခေါက်ဆွဲခြောက်ဖာပါ တစ်ပါကင်ကျပ် ၃၀၅၀၀၊ ဗျိုင်းတံဆိပ်နို့ဆီလေးဒါဇင်ပါ တစ်ပါကင် ကျပ် ၃၂၅၀၀၊ ၂၅ ကီလိုပါ Jump ဆပ်ပြာမှုန့်ဖာကြီးတစ်ပါကင် ကျပ် ၂၇၀၀၀၊ M150 အချိုရည်အလုံး ၅၀ ပါတစ်ပါကင် ကျပ် ၁၆၀၀၀၊ A1 ငါးသေတ္တာ ၂၄ လုံးပါ တစ်ပါကင် ကျပ် ၁၅၀၀၀၊ A1 ငါးသေတ္တာ အသေးအလုံး ၁၀၀ ပါတစ်ပါကင် ကျပ် ၄၀၀၀၀၊ ဈေးနှုန်းများဖြင့် အသီးသီး ရောင်းချလျက်ရှိပြီး ပစ္စည်းတစ်မည် (တစ်ဖာလျှင်) ကျပ်တစ်ထောင်နှင့်အထက် မြင့်တက်သွားသည်ဟု သိရသည်။

ထို့အတူ ဘုရင့်နောင်ဈေးနှင့် မြို့တွင်း၌ ရောင်းချလျက်ရှိသော ရွှေဈေးနှုန်းများမှာ ထိုင်းရွှေတစ်ဘတ်သားလျှင် ဘတ် ၁၉၂၀၀၊ မြန်မာငွေနှင့် ကျပ် ၈၄၀၀၀၀၊ မြန်မာရွှေမီးလင်းတစ်ကျပ်သားလျှင် ကျပ် ၉၄၂၀၀၀ ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent