တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဒုတိယအကြိမ် ပြန်လည်ကျော်လွန်ခဲ့ပြီး ဒေသခံများ စားဝတ်နေရေး အခက်အခဲများရှိလာ

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဒုတိယအကြိမ် ပြန်လည်ကျော်လွန်ခဲ့ပြီး ဒေသခံများ စားဝတ်နေရေး အခက်အခဲများရှိလာ
Published 9 August 2018

တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေမှတ် အထက်သို့ ဒုတိယအကြိမ် ပြန်လည်ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ဒေသခံများ စားဝတ်နေရေး ခက်ခဲလျက်ရှိသည်။

လွန်ခဲ့သည့် တစ်လခန့်မှစတင်ကာ မြစ်ရေကြီးမှု ခံစားနေရသည့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှာ ရေကြီးမှုဒဏ်ကို ခံစားလာရသည့် ရက်ကြာရှည်လာသည်နှင့်အမျှ အခက်အခဲပေါင်းစုံ ရင်ဆိုင်လာရကြောင်း၊ သြဂုတ် ၈ ရက် နံနက်ပိုင်း တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်၂၄ ပေ အထက် ကျော်လွန်ရောက်ရှိလာကာ ၂၄ ပေ ၃ လက်မအထိ ရောက်ရှိလာကြောင်း သိရသည်။

“ရေနစ်မြုပ်နေတာက တစ်လနီးပါး ရှိလာပါပြီ။ အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ ကျောင်းပိတ်ထားရတယ်။ ပဝကျေးရွာအုပ်စုထဲက ပဝကျွန်းရှည်ရွာက ကျောင်းသူ ကျောင်းသားတွေကို လှေနဲ့တင်ပြီး ကျောင်းကြီးမှာ စာသင်ကြားပေးနေရတယ်။ အခက်အခဲက လက်ရှိရေပြန်ကြီးလာပြန်တယ်ဆိုတော့ ဥယျာဉ်လုပ်တဲ့သူတွေရော လယ်ယာလုပ်ကိုင်တဲ့သူတွေပါ အခက်အခဲ ဖြစ်လာနေပြီ။ လှေလည်းမရှိတော့ သွားလာရ အရမ်းခက်ခဲကြတယ်။ အလုပ်လည်း မလုပ်ရတော့ဘူး။ ကျွန်တော်တို့ရွာမှာက အလုပ်လက်မဲ့တွေများတယ်။ စားနပ်ရိက္ခာတွေ အဓိက လိုအပ်နေပါတယ်။ အတွင်းပိုင်းရွာတွေမှာတော့ ဝါးဖောင်တွေလုပ်ပြီး သွားနေရတယ်။ တောင်တွေမှာ ပြောင်းနေကြတယ်။ အပြင်ဘက်မှာတော့ လှေတွေနဲ့ သွားလာနေရတယ်” ဟု ပဝကျေးရွာအုပ်စုတာဝန်ခံ ဦးကြည်ဟုန်က ပြောကြားသည်။

ရေကြီးမှု ရက်ရှည်လာသည့်အတွက် ကျေးရွာများအရောက် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရန် အခက်အခဲများ ရှိလာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် ရိက္ခာဖြန့်ဝေမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“လောလောဆယ်မှာ အစိုးရအဖွဲ့ အနေနဲ့ အမှန်တကယ် လိုအပ်နေတာကို စိစစ်ပြီးဝယ်ဖို့ ခွင့်ပြုချက်ပေးထားတာ ရှိပါတယ်။ ဆန်၊ ငါးသေတ္တာတို့ ဝယ်ရတယ်။ ရေသန့်ကတော့ ကုမ္ပဏီကြီးနှစ်ခုက လှူထားတာ ရှိပါတယ်။ ကျန်တဲ့ဆီဘူး၊ မုန့်ထုပ်တွေလည်း ဝယ်ထားတယ်။ အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းပြီးပါပြီ။ လူကယ်/ပြန်က ဒုညွှန်ချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်တဲ့အဖွဲ့လည်း လာပြီးပါပြီ။ လူတစ်ဦးကို ၁၆၅၀ နှုန်းနဲ့ တစ်နေ့စာတွက်ပြီး ပို့ပေးပါတယ်။ အဲဒီအထဲမှာ ရေဘေးသင့်နေတဲ့လူ ၂၀၀၀၀ ကျော်မှာ မပြောင်းရွှေ့ရဘဲ စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲတဲ့သူတွေကို တစ်နေ့လျှင် ၁၂၅၀ နှုန်းနဲ့ ဖြန့်ဝေတယ်။ စာသင်ကျောင်းတွေကတော့ ရေထပ်တိုးလာနေတဲ့အတွက် ကျောင်းတွေထပ် ပိတ်လိုက်ရတယ်။ အခုဆိုရင် ၁၆ ကျောင်း ပိတ်ထားရတယ်။ တနင်္သာရီမြို့ပေါ်က ကျောင်းကတော့ ရေမြုပ်နေဆဲပါ။ ပေါ်နေတဲ့ စာသင်ကျောင်း အပေါ်ထပ်မှာ ၈၊ ၉၊ ၁၀ အတန်းကြီးတွေ ဖွင့်ထားပါတယ်။ ကျန်တဲ့မူလတန်း၊ အလယ်တန်းတွေကို ပိတ်ထားဆဲ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားသည်။

လက်ရှိအနေထားတွင် ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းအစိတ်အပိုင်းများဖြစ်သည့် အောက်ကင်းရွာအနီးနှင့် လယ်တောင်ယာရွာအနီးတွင် ကားလမ်းရေကျော်နေပြီး ကားလမ်းပေါ်တွင် သုံးပေခန့် ရေလွှမ်းမိုးနေသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် လက်ရှိအနေအထားတွင် ကျေးရွာပေါင်း ၃၀ ရေကြီးမှုဒဏ်ခံစားနေရပြီး လူပေါင်း ၂၀၀၀၀ ကျော် ရေဘေးသင့်နေကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Most Read

Most Recent