ယခင် ဧရာဝတီတိုင်းအစိုးရမှ လက်ရှိအစိုးရထံ လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲ ဖောင်ဒေးရှင်းတစ်ခုအား ပေးအပ်ခဲ့သည့် တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅၂၃၆ ဒသမ ၈၈၉ သန်းကို လက်ခံရယူထားသည့်အဖွဲ့က လက်ရှိအစိုးရထံ ပြန်လည်ပေးအပ်မည်ဟု သိရ

ယခင် ဧရာဝတီတိုင်းအစိုးရမှ လက်ရှိအစိုးရထံ လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲ ဖောင်ဒေးရှင်းတစ်ခုအား ပေးအပ်ခဲ့သည့် တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅၂၃၆ ဒသမ ၈၈၉ သန်းကို လက်ခံရယူထားသည့်အဖွဲ့က လက်ရှိအစိုးရထံ ပြန်လည်ပေးအပ်မည်ဟု သိရ
Published 8 August 2018

ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်ခဲ့သည့် ယခင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ရှိအစိုးရထံ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင်သည့်  ဖောင်ဒေးရှင်းတစ်ခုအား လွှဲပြောင်းခဲ့သည့် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေများအား ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ ရှိချက်များအရ အစိုးရသစ်က ပြန်လည်တောင်းခံမှုအပေါ် လက်ခံရယူထားသည့် ဖောင်ဒေးရှင်းအဖွဲ့အစည်းက ပြန်လည်ပေးသွင်းမည်ဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် ပြန်လည်လက်ခံရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ကာ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၇ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော တိုးတက်ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပျောက်ဆုံးနေသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများနှင့်ပတ်သက်၍ Eleven Media က မေးမြန်းရာ အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇေယျာမင်းသိန်းရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေနဲ့ ပတ်သက်ပြီးသိလိုကြောင်း မေးခွန်းက စရပါမယ်။ ဒါကိုအခြေခံပြီးတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကနေပြီးတော့ စိစစ်တင်ပြရန်ဆိုပြီးတော့ ၂၁ ရက် ၇ လ ၂၀၁၆ ကနေပြီးတော့ ဒါကို စတင်စိစစ် ဆောင်ရွက်ပါတယ်။ ဒါကို စိစစ်ဆောင်ရွက်နေစဉ်အတွင်းမှာပဲ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသများရှိ ဖွံ့ဖြိုးရေးရန်ပုံငွေ အားလုံးကို ပြည်ထောင်စုစာရင်း စစ်ချုပ်ကနေပြီးတော့ စစ်ရမယ်လို့ တာဝန်ပေးအပ်တဲ့အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ကနေပြီးတော့ တိုင်းဒေသကြီးအားလုံးမှာရှိတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ အားလုံးကို စစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ကနေ နိုင်ငံတော်သမ္မတရုံးကို တင်ပြတယ်။ နိုင်ငံတော်သမ္မတရုံးကလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ တွေ့ရှိချက်နဲ့ အကြံပြုသုံးသပ်ချက်အတိုင်း ဆောင်ရွက်ရန်ဆိုပြီးတော့ ကျွန်တော်တို့ဆီ အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရကနေ ဧရာဝတီပညာ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို ပြန်လည်ပေးအပ်ဖို့ဆိုပြီး အကြောင်းကြားခဲ့ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိမှုအရ ပြောရရင်တော့ ဘဏ်အပ်ငွေက သန်းပေါင်း ၃၈၄၃ ဒသမ ၃၄၉ ရှိပါတယ်။ နောက်ဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုမှာ ခေတ္တမပျောက်အပ်နှံထားငွေ ၉၉၃ ဒသမ ၅၄၀ သန်း ရှိပါတယ်။ ကုမ္ပဏီသုံးခုနဲ့ အကျိုးတူလုပ်တဲ့ ငွေကြေးကတော့ စုစုပေါင်း သန်းပေါင်း ၄၀၀ ဖြစ်ပြီး စုစုပေါင်း ငွေကြေးဟာ သန်းပေါင်း ၅၂၃၆ ဒသမ ၈၈၉ သန်းရှိပါတယ်။ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ ဒါကို ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ပြန်တောင်းခံပါတယ်။ တောင်းခံပြီးတဲ့အခါမှာ နောက်ဆုံးတော့ ကျွန်တော်တို့က အဆင့်ဆင့် ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်တို့ တောင်းခံမှုအစီအစဉ်ကိုလည်း နိုင်ငံတော်သမ္မတရုံးကို ကျွန်တော်တို့ အစီရင်ခံခဲ့တယ်။ နိုင်ငံတော် သမ္မတရုံးကတော့ ဒီဟာနဲ့ပတ်သက်လို့ ပြန်လည်တောင်းခံရမယ်လို့ ညွှန်ကြားတယ်။ ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖောင်ဒေးရှင်းကတော့ သြဂုတ် ၂ ရက်မှာ ပြန်လည်ပေးအပ်မယ်လို့ အကြောင်းကြားပါတယ်။ ဒါကို နိုင်ငံတော်သမ္မတရုံးရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြန်လည်လက်ခံရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ ဒါကို ပြန်လည်လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးဌေးဝင်းက ဆိုသည်။

ရန်ပုံငွေများ ပြန်လည်လွှဲပြောင်းပေးရေးအတွက် မည်သည့်ရက် နောက်ဆုံးထားဆောင် ရွက်မည်ဟုဆိုသည့် ကာလစည်းမျဉ်းသတ်မှတ်ချက်ကိုမူ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent